CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂

ယူနိုက်တက်အသင်းနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ခြေဖဝါးဒဏ်ရာကို ဒုတိယအကြိမ်မြောက် ခွဲစိတ် ကုသမှုခံယူရမှာဖြစ်လို့ ၂၀၂၄ ခုနှစ်အထိ အနားယူရဖွယ်ရှိနေတယ်လို့ The Athletic က ဖော်ပြထားပါတယ်။

အာဂျင်တီးနားအသင်းနောက်ခံလူဟာ ခြေဖဝါးဒဏ်ရာကို နောက်ထပ်ခွဲစိတ်ကုသမှုခံယူပြီးရင် အနည်းဆုံး ၃ လကြာအနားယူရဖွယ်ရှိနေပြီး ခံစစ်ပိုင်းအခက်အခဲတွေရှိနေတဲ့ ယူနိုက်တက်အတွက် ကြီးမားတဲ့ ထိုးနှက် ချက်ဖြစ်လာခဲ့တာပါ။
 
လီဆန်ဒရိုမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ညာဘက်ခြေဖဝါးဒဏ်ရာကို ခွဲစိတ်ပြီးနောက် ၂ လနီးပါးကြာ အနားယူခဲ့ရပါတယ်။ 

လီဆန်ဒရိုမာတီနက်ဇ်ဟာ အခုနှစ်ဘောလုံးရာသီမစတင်ခင် ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် တွေမှာ ပါဝင်ခဲ့ပြီး ပွဲတွေပါဝင်ကစားပေးခဲ့ပေမယ့် အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နာကျင်မှု တွေပြန်လည်ခံစားခဲ့ရတာပါ။ အာဂျင်တီးနားကစားသမားဟာ နာကျင်မှုခံစားခဲ့ရပေမယ့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစား ပေးခဲ့တာဖြစ်ပါတယ်။ 

အခုအချိန်မှာတော့ ယူနိုက်တက်အသင်းရဲ့ဆေးအဖွဲ့ဟာ ကာလရှည်ကြာခံစားနေရတဲ့ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ဒဏ်ရာအခြေအနေပြန်ကောင်းလာနိုင်စေဖို့ ခွဲစိတ်မှုထပ်မံခံယူဖို့က အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။ လီဆန်ဒရိုမာတီနက်ဇ်အပါအဝင် လုပ်ခ်ရှော၊ မာလာစီယာ၊ ဝမ်ဘစ်ဆာကာ၊ ရယ်ဂီလွန်တို့ကလည်း ဒဏ်ရာတွေကြောင့် အနားယူနေရတဲ့အတွက် ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်းအခက်အခဲတွေနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ အမ်ရာဘတ်ကို ဘယ်နောက်ခံနေရာမှာ အသုံးပြုနေရပြီး ဗဟိုခံစစ်မှာတော့ ဗာရန်း၊ လင်ဒီလော့ဖ်နဲ့ မက်ဂွဲယားတို့ကို အလှည့်ကျအသုံးပြုဖို့ ရှိနေတာပါ။ ယူနိုက်တက် အသင်းဟာ လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဂါလာတာစာရေးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal