CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ 

အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ(တောင်အမေရိကဇုန်)ခြေစစ်ပွဲကစားမယ့် လူစာရင်းမှာ မက်ဆီကို ရွေးချယ်ခဲ့တဲ့အတွက် အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် အဓိကပွဲစဉ်တွေကို သူတို့ရဲ့ အသင်း ခေါင်းဆောင် မပါဝင်ဘဲ ကစားရတော့မှာ ဖြစ်ပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့လာပြီးကတည်းက ခြေစွမ်းပြသနေတာဖြစ်ပြီး အသင်းအတွက် ကစားခဲ့တဲ့ ၉ ပွဲမှာ ၁၁ ဂိုး သွင်းယူထားတာပါ။ 

အသက် ၃၆ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ အင်တာမိုင်ယာမီ အသင်းကို လိဂ်ဖလား ချန်ပီယံဆု ရရှိအောင် ဦးဆောင်နိုင်ခဲ့ပြီးနောက် မေဂျာလိဂ် ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ခွင့်ရရှိအောင် ဦးဆောင်ပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အင်တာမိုင်ယာမီ အသင်းဟာ မက်ဆီ မပါဝင်ဘဲ လာမယ့်ပွဲ အနည်းငယ်ကို ကစားရတော့မှာပါ။

အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် အီကွေဒေါ၊ ဘိုလီးဗီးယား အသင်းတို့နဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲတွေအတွက် အသင်းခေါင်းဆောင် မက်ဆီကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

 အာဂျင်တီးနားအသင်း လူစာရင်းကို တွေ့ရစဉ်

မက်ဆီဟာ မကြာခင်မှာ အာဂျင်တီးနားအသင်းနဲ့ သွားရောက် ပူးပေါင်းရမှာ ဖြစ်တဲ့အတွက် စက်တင်ဘာ ၄ ရက်မှာ ကစားမယ့် လော့စ်အိန်ဂျလိစ်အသင်းနဲ့ ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။

ဒါ့အပြင် စပို့တင်းကန်ဆပ်အသင်းနဲ့ စက်တင်ဘာ ၁၀ ရက်မှာ ကစားမယ့်ပွဲကိုလည်း လွဲချော်နိုင်ဖွယ် ရှိတယ်လို့ သိရတာပါ။ 

ဒါပေမယ့် မက်ဆီဟာ အတ္တလန်တာအသင်းနဲ့ ကစားမယ့်ပွဲမှာတော့ အင်တာမိုင်ယာမီ အသင်းအတွက် ပြန်လည် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ အင်တာမိုင်ယာမီ အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ မေဂျာလိဂ် ၂ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲ သရေကျခဲ့ပြီး ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲ အရှေ့ပိုင်းဇုန်မှာ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည် နေပြီး လက်ကျန်ပွဲတွေမှာ နိုင်ပွဲရယူနိုင်မှသာ ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်နိုင်ဖို့အတွက် မျှော်လင့်လို့ရမှာ ဖြစ်ပါတယ်။

Source: Goal