CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇

အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက ဟူစတန်ဒိုင်နမိုအသင်းနဲ့ ကစားမယ့် US Open ဖလားဗိုလ်လုပွဲမှာ အသင်းခေါင်းဆောင် မက်ဆီပါဝင်နိုင်တယ်လို့ ပြောလိုက်ပါတယ်။

မာတီနိုက “ကျနော်တို့ မနက်ဖြန်အထိ စောင့်ဆိုင်းသွားမှာပါ။ အယ်လ်ဘာက ပါဝင်နိုင်ဖို့ ခက်ပေမယ့် မက်ဆီနဲ့ အတူ မနက်ဖြန်အထိ ကျနော်တို့စောင့်ဆိုင်းသွားမှာပါ။ ဒီပွဲက ဗိုလ်လုပွဲသာ မဟုတ်ရင် ကျနော်တို့ဟာ ဘယ်လို အရာကိုမှ စွန့်စားမှုပြုလုပ်သွားမှာမဟုတ်ပါဘူး။ အခုက ဗိုလ်လုပွဲဖြစ်ပြီး ချန်ပီယံဆုဖလားကို ယူဆောင် လာနိုင် ပါတယ်။ မိနစ် ၉၀ ဒါမှမဟုတ် မိနစ် ၁၂၀ အထိကြာမြင့်သွားနိုင်ပေမယ့် တခြားပွဲဆိုရင်တော့ ကျနော်တို့ စွန့်စား သွားမှာမဟုတ်ပါဘူး” လို့ ပြောခဲ့တာပါ။

မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်သွားရောက် ကစားရင်း ဒဏ်ရာရခဲ့တာကြောင့် အတ္တလန်တာယူနိုက်တက်အသင်းနဲ့ပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် မပါဝင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် မက်ဆီဟာ တိုရွန်တိုအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက် ပြန်လည်ပါဝင်နိုင်ခဲ့ပေမယ့် ဒဏ်ရာအခြေအနေကြောင့် စောစီးစွာ လူစားလဲခဲ့ရတာပါ။

အဲဒါကြောင့် မက်ဆီဟာ အော်လန်ဒိုစီးတီးအသင်းနဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက် မပါဝင် နိုင်ခဲ့သလို နောက်ဆုံးပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာလည်း မပါဝင်နိုင်ခဲ့ပေမယ့် နည်းပြ မာတီနိုက US Open ဖလားဗိုလ်လုပွဲမှာ မက်ဆီပါဝင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းကို ရောက်ရှိလာကတည်းက ခြေစွမ်းပြသနေတာဖြစ်ပြီး လိဂ်ဖလားချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ကာ US Open ဖလားဗိုလ်လုပွဲရောက်ရှိအောင်လည်း ပို့ဆောင်ပေးနိုင်ခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ အခုနှစ်ဘောလုံးရာသီ ဒုတိယမြောက်ဆုဖလားရယူနိုင်ဖို့ နီးစပ်နေပေမယ့် မေဂျာ လိဂ်ပြိုင်ပွဲမှာတော့ ပလေးအောဖ့်အဆင့်ဝင်ခွင့်ရဖို့ ရုန်းကန်နေရပြီး ပွဲစဉ် ၅ ပွဲသာကစားဖို့ ကျန်ရှိတော့တဲ့ အချိန် မှာ အရှေ့ပိုင်းဇုန်ရဲ့ အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အင်တာမိုင်ယာမီ အသင်း နဲ့ ဟူစတန်ဒိုင်နမိုအသင်းတို့ရဲ့US Open ဖလားဗိုလ်လုပွဲကို စက်တင်ဘာ ၂၈ ရက်မှာ ကျင်းပသွားမှာပါ။

Source:Goal