CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆

မက်ဆီဦးဆောင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ လာမယ့်နိုဝင်ဘာလထဲ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲ ၂ ပွဲ ကစားသွားမယ်လို့ ကြေညာသွားခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပလေးအောဖ့်ဝင်ခွင့်လွဲချော်ခဲ့ပြီးနောက် အောက်တိုဘာ ၂၁ ရက်မှာ ချားလော့တ်အသင်းနဲ့ ကစားပြီး သူတို့ရဲ့ မေဂျာလိဂ်ရာသီကို အဆုံးသတ်မှာပါ။ အင်တာမိုင်ယာမီအသင်းဟာ နိုဝင်ဘာလထဲမှာ ပွဲကစားဖို့ မရှိတော့ပေမယ့် မက်ဆီအပါအဝင် ကစားသမားအချို့ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွေကစားဖို့ ရှိနေတာကြောင့် သူတို့ရဲ့ပုံစံကိုဆက်ပြီးထိန်းသိမ်းနိုင်ဖို့အတွက် မေဂျာလိဂ်ကလပ်က ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ တရုတ်စူပါလိဂ်အသင်းတွေဖြစ်တဲ့ Qingdao Hainiu၊ Chengdu Rongcheng အသင်းတို့နဲ့ နိုဝင်ဘာလ ၅ ရက်၊ ၈ ရက်တွေမှာ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာပါ။ အင်တာမိုင်ယာမီအသင်းကတော့ နယ်မြေသစ်မှာ သူတို့ရဲ့ လက်လှမ်းမီမှုကို ဆက်ပြီးချဲ့ထွင်နိုင်ဖို့အတွက် အလွန်စိတ်လှုပ်ရှားနေတယ်လို့ ပြောထားပါတယ်။

အင်တာမိုင်ယာမီအသင်းစီးပွားရေးအရာရှိချုပ် ဇာဗီယာက “ကျနော်တို့ ကလပ်အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ လက်လှမ်းမီမှုကို ဆက်ပြီးချဲ့ထွင်နိုင်ဖို့ အလွန်စိတ်လှုပ်ရှားနေပါတယ်။ ပရိသတ်အသစ်တွေထံရောက်ရှိပြီး ကျနော်တို့ရဲ့ စွန့်စားခန်းအသစ်ကို စတင်နိုင်ဖို့ စောင့်မျှော်နေပါတယ်”လို့ ပြောခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းကို မက်ဆီရောက်ရှိလာခဲ့တဲ့ ပြီးခဲ့တဲ့ဇူလိုင်လကတည်းက အသင်းရဲ့ ဆိုရှယ် မီဒီယာ တွေမှာ Followers တွေဟာ သိသိသာသာကို တိုးလာခဲ့သလို လိဂ်ဖလားချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် အင်တာမိုင်ယာမီအသင်းဟာ ပွဲဆက်တွေများလာပြီး မက်ဆီကလည်း ဒဏ်ရာတွေကြောင့် ပွဲ အများအပြားလွဲချော်ခဲ့လို့ ပလေးအောဖ့်ဝင်ခွင့်ဆုံးရှုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

Source:ChannelNewsAsia