CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆

ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းထံ အငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ် ဟာ စပိန်ကလပ်တွေရဲ့ စိတ်ဝင်စားမှုကြောင့် စပိန်လာလီဂါထံ အပြီးသတ် ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ ဗြိတိန် မီဒီယာတွေက ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းကနေ နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာခဲ့တဲ့ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ဂီတာဖေးအသင်းထံ အခုရာသီ အကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ၅ ပွဲ ပါဝင်ကစားခဲ့ပြီးနောက် ဆယ်လ်တာဗီဂိုအသင်းနဲ့ ၂ ဂိုးစီ သရေကျ ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂီတာဖေး အသင်းကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဂီတာဖေးအသင်းမှာ ပြသနေတဲ့ ဂရင်းဝုဒ်ရဲ့ စွမ်းဆောင်ရည်ကို လာလီဂါကလပ် အများအပြားက စောင့်ကြည့် နေကြပြီး ဒီအထဲမှာ ဆီဗီလာအသင်းက အဓိက စိတ်ဝင်စားနေပါတယ်။

ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်း ရှိနေတာကြောင့် ဆီဗီလာအသင်းဟာ ဒီအခြေအနေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ 

ဆီဗီလာအသင်းအနေနဲ့ ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖို့ ဂီတာဖေးအသင်းနဲ့ ပြိုင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ဂရင်းဝုဒ်ကို တွေ့ရစဉ် 

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းမှာ ပျော်ရွှင်နေပြီး အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ နွေးထွေးစွာကြိုဆိုမှုကို ခံခဲ့ရတာကြောင့် ဂီတာဖေးအသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ 

ယူနိုက်တက်အသင်းကလည်း ဂရင်းဝုဒ်ကို ရာသီအကုန်မှာ ပြန်ခေါ်ယူပြီး အသင်းရဲ့ လူစာရင်းမှာ ပြန်ထည့်သွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ဒါပေမယ့် ဂရင်းဝုဒ်ကတော့ အင်္ဂလန်ကို မပြန်ချင်တော့ဘဲ စပိန်မှာပဲ သူ့ရဲ့ကစားသမားဘဝကို ဖြတ်သန်းဖို့ အစီအစဉ်ရှိနေပါတယ်။

ဒီရာသီ စပိန်လာလီဂါပြိုင်ပွဲ ၉ ပွဲ ကစားထားပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ ဂီတာဖေး အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီးမှာ ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Daily Mail