CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈

ဟူစတန်ဒိုင်နမိုအသင်းကို အရေးနိမ့်ခဲ့တဲ့ US Open ဖလားဗိုလ်လုပွဲမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ မက်ဆီဟာ လာမယ့်ပွဲတွေမှာ အင်တာမိုင်ယာမီအသင်းအတွက် ပြန်လည်ပါဝင်နိုင်မယ်လို့ နည်းပြ မာတီနိုက ပြောခဲ့ပါတယ်။

မာတီနိုက ”ဒီပွဲမှာ မက်ဆီကို မိနစ်အနည်းငယ်အသုံးပြုရင်တောင် အန္တရာယ်ကများလွန်းပါတယ်။ သူဟာ လာမယ့်လိဂ်ပွဲတွေမှာ ပါဝင်ကစားနိုင်မှာဖြစ်ပေမယ့် ဆေးအဖွဲ့ရဲ့ တစ်ပွဲပြီးတစ်ပွဲအကဲဖြတ်မှုပေါ် မူတည်ပြီး ကျနော်တို့ အသုံးပြုသွားမှာပါ”လို့ ပွဲအပြီး မီဒီယာတွေကို ပြောခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီမပါဝင်တဲ့ ဗိုလ်လုပွဲမှာ ဟူစတန်ဒိုင်နမိုအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီး ဆုဖလားလက်လွှတ်ခဲ့ရပါတယ်။ မက်ဆီဟာ ဒီပွဲမှာ ဝင်ရောက်မကစားနိုင်ခဲ့ပေမယ့် ပွဲကြည့်ပရိသတ်အနေနဲ့ အင်တာမိုင်ယာမီအသင်းကို လာရောက်အားပေးခဲ့တာပါ။ မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဒဏ်ရာရပြီးနောက် အင်တာမိုင်ယာမီအသင်းအတွက် တိုရွန်တိုအသင်းနဲ့ ပွဲစဉ်မှာ ဝင်ရောက် ကစားပေးခဲ့တာကြောင့် ဒဏ်ရာအခြေအနေ ပိုပြီးဆိုးသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို ရောက်ရှိပြီးကတည်းက US Open ဖလားဗိုလ်လုပွဲအပါအဝင် စုစုပေါင်း ပွဲစဉ် ၄ ပွဲကို လွဲချော်ခဲ့တာပါ။ အင်တာမိုင်ယာမီအသင်းဟာ စက်တင်ဘာ ၃၀ ရက်မှာ မေဂျာလိဂ်ပွဲစဉ်အဖြစ် နယူးယော့ခ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ မက်ဆီပါဝင်လာနိုင်ဖွယ်ရှိ၊မရှိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ အရှေ့ပိုင်းဇုန်အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည် နေတာကြောင့် ပလေးအော့ဖ်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် လက်ကျန်ပွဲစဉ် ၅ ပွဲစလုံးရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ် နေပါတယ်။