CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၄

အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက အသင်းခေါင်းဆောင် မက်ဆီဟာ ဖီလာဒဲလ်ဖီးယားအသင်းနဲ့ မေဂျာလိဂ်ပွဲစဉ်မှာ ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။

မာတီနိုက "မက်ဆီ အဆင်ပြေနေပြီး ဖီလာဒဲလ်ဖီးယားနဲ့ပွဲကို ပါဝင်နိုင်မှာပါ။ ကျနော်တို့ အသင်းမှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားကို ပြန်လည် အသုံးပြုလို့ ရတော့မှာဖြစ်လို့ ဒီအခြေအနေအတွက် ကျနော်တို့အားလုံး ပျော်ရွှင်နေပါတယ်"လို့ ပြောခဲ့တာပါ။

မက်ဆီဟာ ဇူလိုင်လ ၁၄ ရက်က ကိုလံဘီယာအသင်းနဲ့ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်း အတွက် ပါဝင်ကစားရင်း ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အနားယူခဲ့ရတာ ဖြစ်ပါတယ်။ 

မက်ဆီဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ အပြည့်အဝ သက်သာပြီဖြစ်တာကြောင့် စက်တင်ဘာလ ၁၅ ရက်မှာ ယှဉ်ပြိုင်မယ့် ဖီလာဒဲလ်ဖီးယားအသင်းနဲ့ပွဲစဉ်မှာ ပြန်လည် ကစားနိုင်တော့မှာပါ။ 

မက်ဆီဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လည်ချောင်းနာနေတာကြောင့် အင်တာမိုင်ယာမီအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့တဲ့အပေါ် စိုးရိမ်စရာတွေရှိခဲ့တာ ဖြစ်ပါတယ်။

 မက်ဆီကို တွေ့ရစဉ်

ဒါပေမယ့် မက်ဆီဟာ ကြာသပတေးနေ့မှာ လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာခဲ့သလို သောကြာနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာလည်း ပါဝင်ခဲ့တာပါ။ 

အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီမေဂျာလိဂ် ၂၇ ပွဲ ကစားအပြီးမှာ ရမှတ် ၅၉ မှတ်နဲ့ အရှေ့ပိုင်းဇုန် အမှတ်ပေး ဇယားကို ဦးဆောင်နေပြီး Supporters' Shield ကို ရယူနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ရလဒ်ကောင်းတွေကြောင့် ပြီးခဲ့တဲ့နှစ်က ယှဉ်ပြိုင်ခွင့် မရခဲ့တဲ့ မေဂျာလိဂ်ဖလား ပလေးအော့ဖ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

Source: ESPN