CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃

အမေရိကန်ရေကူးမယ် အယ်လ်ဗာရတ်ဇ်ဟာ ဗုဒ္ဓဟူးနေ့က ဘူဒါပတ်စ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် ရေကူးပြိုင်ပွဲမှာ သတိလစ် မေ့မြောသွားခဲ့ပြီး ရေနစ်သေဆုံး နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

စပိန်နိုင်ငံသူ နည်းပြ ဖူအန်တက်စ်ဟာ အယ်လ်ဗာရတ်ဇ် ရေထဲနစ်မြုပ်သွားတာကို မြင်တွေ့ပြီးနောက် ရေကူးကန်ထဲကို ခုန်ဆင်းသွားပြီး ကယ်တင်ခဲ့တာကြောင့် ရေကူးမယ် အယ်လ်ဗာရတ်ဇ် အသက်ဘေးက လွတ်မြောက်သွားခဲ့ပါတယ်။

ဖူအန်တက်စ်က “ အယ်လ်ဗာရတ်ဇ်ဟာ ပိုကောင်းလာပြီး သူမ အကောင်းဆုံး ဖြစ်နေပါပြီ။ ရိုးရိုးသားသား ပြောရရင်တော့ ကြောက်ဖို့ ကောင်းပါတယ်။ ဘယ်သူကမှ အသက်ကယ်တာ မတွေ့လို့ ကျမ ရေထဲ ခုန်ချခဲ့ပြန်တာပါ။ အသက်ရှူ မဝလို့ အနည်းငယ် ကြောက်ခဲ့ရပေမယ့် အခု သူမ အဆင်ပြေသွားပါပြီ။ သူမ အနားယူရပါမယ်”လို့ စပိန်သတင်းစာ မာကာကို ပြောခဲ့ပါတယ်။

သတိလစ်သွားတဲ့ အယ်လ်ဗာရတ်ဇ်ကို နည်းပြဖြစ်သူ ဖူအန်တက်စ် ကယ်တင်နေစဉ် (Yahoo Sport)

အယ်လ်ဗာရတ်ဇ်ကို ထမ်းစင်ပေါ် ခေါ်ဆောင်သွားခြင်း မပြုခင် ရေကူးကန်ဘေးမှာ ဆေးကုသပေးခဲ့ရပါတယ်။ ဖူအန်တက်စ် ဟာ ပြီးခဲ့တဲ့နှစ် အိုလံပစ် အရည်အချင်းစစ် ပြိုင်ပွဲမှာလည်း အယ်လ်ဗာရတ်ဇ်ကို ကယ်တင်ခဲ့ရတာကြောင့် ဒီတစ်ကြိမ် ကယ်တင်မှုဟာ ဒုတိယအကြိမ် ဖြစ်ခဲ့ပါတယ်။

U.S Artistic Swimming ရဲ့ ထုတ်ပြန်ချက်မှာတော့ သောကြာနေ့မှာ ယှဉ်ပြိုင်မယ့် အသင်းရဲ့ ပွဲတွေမှာ သူမ ပါဝင်နိုင်ဖို့ ဆုံးဖြတ်ချက် မချခင် ကြာသပတေးနေ့မှာ ဆရာဝန်တွေက အကဲဖြတ်မှာလို့ ဖူအန်တက်စ်က ပြောခဲ့ကြောင်း ဖော်ပြထား ပါတယ်။

ဘူဒါပတ်စ်မှာ ကျင်းပနေတဲ့ ဒီပြိုင်ပွဲမှာ အမေရိကန်နိုင်ငံဟာ ရွှေ ၁၁ ခု၊ ငွေ ၆ ခု၊ ကြေး ၉ ခု စုစုပေါင်း ၂၆ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။ ဒီပြိုင်ပွဲကို ဇွန်လ ၁၇ ရက်ကနေ ဇူလိုင် ၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: CNA