CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅
အာဆင်နယ်အသင်းဟာ ဆိုစီဒက်အသင်းကွင်းလယ်လူ ဇူဘီမန်ဒီကို လာမယ့်နွေရာသီ ပထမဆုံးအဓိက အပြောင်း အရွှေ့အဖြစ် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း ESPN က ဖော်ပြထားပါတယ်။
ဇူဘီမန်ဒီကို ခေါ်ယူဖို့ ရီးရဲလ်အသင်းက စိတ်ဝင်စားနေသလို လီဗာပူးလ်အသင်းကလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဇူဘီမန်ဒီကို ခေါ်ယူဖို့နီးစပ်ခဲ့ပေမယ့် ကစားသမားက အပြောင်းအရွှေ့ကို ငြင်းပယ်ပြီး ဆိုစီဒက်အသင်းမှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ အာဆင်နယ် အသင်းဟာ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ နဲ့ ခေါ်ယူလို့ရမယ့် ဇူဘီမန်ဒီရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေကို နောက်ထပ်အဆင့်ထပ်တိုးပြီးလုပ်ဆောင်နေတာပါ။
အာဆင်နယ်အသင်းနည်းပြအာတီတာဟာ ဇူဘီမန်ဒီကို သဘောကျနှစ်သက်သလို အားကစားဒါရိုက်တာ ဘာတာကလည်း အသင်းရဲ့ကွင်းလယ်ပိုင်းကို ပိုပြီးအားကောင်းစေဖို့အတွက် စပိန်ကွင်းလယ်လူကို အမြန်ဆုံးခေါ်ဆောင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးမယ့် ကွင်းလယ်လူ ပါတေးကို စာချုပ်သက်တမ်းတိုးမှာဖြစ်ပေမယ့် ဘရာဇီးလ်ကွင်းလယ်လူ ဂျော်ဂျင်ဟိုကိုတော့ ထွက်ခွာခွင့်ပြုသွားဖို့ ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ဇူဘီမန်ဒီအပြင် နွေရာသီမှာတိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူသွားဖို့လည်း စီစဉ်နေပါတယ်။
လန်ဒန်ကလပ်ဟာ ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့အတွက် အသင်းမှာရှိနေတဲ့ ကစားသမားအချို့ကို ရောင်းချ ပြီး ပြောင်းရွှေ့ကြေးပြန်လည်ရှာဖွေဖို့ ရှိနေတာပါ။
ဘယ်နောက်ခံလူတီယာနေးဟာ ဆဲလ်တစ်အသင်းထံ ပြန်မှာ ဖြစ်ပြီး ဇင်ချန်ကို၊တိုမီယာဆုအပါအဝင် ကစားသမားအချို့ကို လက်ခံနိုင်လောက်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်း ရင် အာဆင်နယ်အသင်းက ရောင်းချသွားဖို့ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာရပ်တည်ပြီး ရာသီအဆုံးသတ်နေရတာကြောင့် လာမယ့်ရာသီမှာ ဆုဖလားရယူနိုင်ဖို့အတွက် အသင်းကိုကြီးကြီးမားမားအားဖြည့်မှုတွေလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Source: ESPN