CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၅

ရီးရယ်လ်ကနေ ထွက်ခွာပြီး အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ရမယ့်အချိန် ဗြိတိန်ကိုသွားမယ့် လေယာဉ်ပေါ်မှာ ငိုကြွေးခဲ့တယ်လို့ အိုဇေးလ်က ပြောခဲ့ပါတယ်။

အိုဇေးလ်က “ ကျနော် ရီးရယ်လ်ကနေ ထွက်ခွာချိန်တုန်းက အလွန်ဝမ်းနည်းခဲ့ပါတယ်။ ကျနော်ဟာ မက်ဒရစ် ကနေ လေယာဉ်ထွက်ခွာမယ့် အချိန်မှာ စပြီး ငိုကြွေးတော့တာပါပဲ။ ကျနော်ဟာ ရီးရယ်လ်မှာ တကယ်ကို ပျော်ရွှင် ခဲ့ပေမယ့် ဒီလိုမျိုး ဖြစ်သွားခဲ့ပါတယ်။ ကျနော်ဟာ ရာသီအစမှာ ကစားချိန် မရရှိတော့တဲ့အတွက် ပီရတ်ဇ်နဲ့ ကျနော့် အဖေ၊ အေးဂျင့်တို့ကြားထဲမှာ ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ကလပ်အသစ် ရှာဖွေ ခဲ့ရတယ်။ ဒါဟာ ခက်ခဲခဲ့ပါတယ်။ လေယာဉ်ပေါ်ရောက်တဲ့ အချိန်မှာ ကျနော့်ရဲ့ မျက်လုံးထဲကနေ မျက်ရည်တွေ စီးကျလာခဲ့ပြီး ဒါဟာ ပြီးသွားပြီဆိုတာကို ကျနော် သဘောပေါက်ခဲ့ပါတယ်”လို့ စပိန်သတင်းစာ မာကာကို ပြောခဲ့တာပါ။

အိုဇေးလ်ဟာ ၂၀၁၃ မှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီး အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လန်ဒန်ကလပ်မှာ ၈ နှစ်ကြာရှိခဲ့ကာ အသင်းကို အက်ဖ်အေဖလား ၄ ကြိမ် ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

အိုဇေးလ်နဲ့ အာတီတာကိုတွေ့ရစဉ်

ဒါပေမယ့် အိုဇေးလ်ဟာ နည်းပြ အာတီတာ လက်ထက်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတာနဲ့အတူ ၂၀၂၁ မှာ ထွက်ခွာကာ တူရကီကလပ် ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

ဂျာမနီ ကစားသမားဟောင်းဟာ တူရကီကလပ် အသင်းတွေဖြစ်တဲ့ ဖီနာဘာချီနဲ့ အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းတွေမှာ ကစားခဲ့ပြီးနောက် အသက် ၃၄ နှစ်အရွယ်မှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ အိုဇေးလ်ဟာ ဂျာမနီအသင်းနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့တာ အပါအဝင် ကစားသမားဘဝမှာ အောင်မြင် မှု အများအပြား ရယူနိုင်ခဲ့တာပါ။

အိုဇေးလ်ဟာ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်ပေမယ့် နောက်ထပ် ခြေလှမ်းနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် ဂျာမနီ ကစားသမားဟောင်းဟာ နည်းပြလောကထဲကို ဝင်ရောက် မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Source: Goal