CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၅

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ အဓိကပြိုင်ပွဲတွေမှာ တိုးတက်မှုတွေ ရရှိပြီးနောက် လာမယ့်နှစ် ယူရိုပြိုင်ပွဲမှာ အနိုင် မရဘူးဆိုရင် ကျရှုံးမှုဖြစ်လိမ့်မယ်လို့ နောက်ခံလူ မက်ဂွဲယားက ပြောလိုက်ပါတယ်။

မက်ဂွဲယားက “ကျနော်တို့မှာ အနိုင်ရနိုင်အောင် လုပ်နိုင်တဲ့ ကစားသမားတွေ ရှိတယ်ဆိုတာ ကျနော် ယုံကြည်ပါ တယ်။ ကျနော်တို့ ပြိုင်ပွဲကြီးကို အနိုင်မရဘူးဆိုရင်တော့ ကျရှုံးသွားပြီလို့ အတွေးထဲမှာ ရှိနေပါတယ်။ ကျနော် အဓိက ပြိုင်ပွဲကြီး ၃ ခုကို ရောက်ပြီးသွားပါပြီ။ နောက်ထပ် တစ်ခုကလည်း နီးစပ်လာပါပြီ”လို့ ပြောခဲ့တာပါ။

မက်ဂွဲယားဟာ နည်းပြ ဆောက်ဂိတ် လက်ထက်မှာ အင်္ဂလန်အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူအဖြစ် သတ်မှတ် ခံထားရပြီး ပြင်သစ်အသင်းကို အရေးနိမ့်ကာ ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲတိုင်း ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါအပြင် ယူနိုက်တက် အသင်းခေါင်းဆောင်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်နဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ အင်္ဂလန်အသင်းမှာလည်း အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့တာပါ။

အဲဒါကြောင့် မက်ဂွဲယားဟာ အင်္ဂလန်အသင်းနဲ့အတူ အဓိကပြိုင်ပွဲကြီး ၄ ခုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလန်အသင်း ဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စု အဖွင့်ပွဲစဉ်အဖြစ် အီတလီအသင်းနဲ့ ကစားထားတာမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိထား တာပါ။

မက်ဂွဲယားကိုတွေ့ရစဉ်

မက်ဂွဲယားက “ကျနော်တို့ဟာ ခက်ခဲတဲ့ အုပ်စုကနေ အရင်ဆုံး ခြေစစ်ပွဲ အောင်မြင်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ အီတလီအသင်းကို အနိုင်ရပြီး အံ့သြစရာကောင်းတဲ့ ရလဒ်တစ်ခုကို ရရှိခဲ့ပါတယ်။ ကျနော်တို့ဟာ ကောင်းမွန်တဲ့ နေရာမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဆို ကျနော်တို့ တကယ်ကို ကောင်းမွန်စွာ ကစားနိုင်ခဲ့ကြတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ ပြင်သစ်အသင်းနဲ့ ကစားခဲ့တာမှာ တော့ အရေးနိမ့်ခဲ့ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မက်ဂွဲယားဟာ ဒီရာသီ ယူနိုက်တက်အသင်းမှာ ဗာရန်းနဲ့ လီဆန်ဒရိုမာတီးနတ်ဇ်တို့ရဲ့ ခြေစွမ်းပြမှုတွေကြောင့် ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရပေမယ့် အင်္ဂလန်အသင်းမှာတော့ ပုံမှန်ပွဲထွက်ခွင့် ရရှိနေတာပါ။

အင်္ဂလန်အသင်းဟာ တနင်္ဂနွေနေ့မှာ ယူကရိန်းအသင်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:CNA