CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၇

နယူးကာဆယ်အသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိကာ ချန်ပီယံဆုကို ရရှိခဲ့ပြီးနောက် နည်းပြအက်ဒီဟိုဝီက နောက်ထပ် ဆုဖလားတွေ ထပ်မံရယူနိုင်ဖို့ ကစားသမားတွေ ကို စိန်ခေါ်မှုပြုလုပ်ခဲ့ပါတယ်။

အက်ဒီဟိုဝီက “အံ့သြစရာကောင်းတယ်လို့ ခံစားရပါတယ်။ မယုံနိုင်စရာကောင်းတဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပြီး ကျနော် တို့ရဲ့ စွမ်းဆောင်ရည်ကို ကျနော် အလွန်ကျေနပ်မိပါတယ်။ ဒါက ကံကောင်းခဲ့တာ မဟုတ်ဘဲ အပြည့်အဝ ထိုက်တန်မှု ရှိခဲ့တာပါ။ ဒီဆုဖလားကို ရယူပြီး အကြာကြီးစောင့်ခဲ့ရတဲ့ ဆုဖလားမရရှိတာကို အဆုံးသတ်နိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်သလို အနာဂတ်မှာ ကျနော်တို့တွေ ဆုဖလားတွေ ပိုပြီးရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ဘောလုံးမှာ အာမခံချက် မရှိပေမယ့် ကျနော်တို့ လုပ်နိုင်တယ်ဆိုတာကို ပြသခဲ့တယ်”လို့ ပြောခဲ့တာပါ။

ကာရာဘောင်းလိဂ်ဖလားကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တဲ့ နယူးကာဆယ်အသင်း ဟာ ၁၉၅၅ ခုနှစ်က FA ဖလား ရယူပြီးနောက်ပိုင်း နှစ်ပေါင်း ၇၀ အကြာမှ ပထမဆုံး ပြည်တွင်းဆုဖလားကို ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

နယူးကာဆယ်အသင်းကို ယှဉ်ပြိုင်နေစဉ်

ဒါ့အပြင် နယူးကာဆယ်အသင်းအတွက် ဒီဆုဖလားဟာ ၁၉၆၉ ခုနှစ်က အင်တာစီးတီးဆုဖလား ရရှိပြီးနောက် ၅၆ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ဆုဖလား လက်မဲ့ဖြစ်ခဲ့မှုကို အဆုံးသတ်နိုင်ခဲ့တာပါ။ 

နယူးကာဆယ်အသင်းဟာ ၁၉၆၉ ခုနှစ်က နောက်ဆုံးဆုဖလား ရရှိအပြီးမှာ အဓိကပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲ ၅ ပွဲ ယှဉ်ပြိုင်ခဲ့ပေမယ့် ၅ ပွဲစလုံး အရေးနိမ့်ခဲ့ပြီး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

နယူးကာဆယ်အသင်းဟာ ကာရာဘောင်းလိဂ်ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိခဲ့တာကြောင့် လာမယ့်ရာသီ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ပလေးအောဖ့်အဆင့်ကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။

ဒါပေမယ့် နယူးကာဆယ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိဖို့ ပစ်မှတ်ထား နေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ ကာရာဘောင်းလိဂ်ဖလား ချန်ပီယံဆုကိုပါ လက်လွှတ်ခဲ့ရတဲ့အတွက် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဆုသာ ရှိတော့တာပါ။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ရလဒ်နဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်ပြီး နယူးကာဆယ်အသင်း ချန်ပီယံဆုရရှိဖို့ ထိုက်တန်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ 

Source: ESPN