CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၆
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ဘာစီလိုနာအသင်း ကြယ်ပွင့် ယာမဲလ်ဟာ လာမယ့်နှစ် အနည်းငယ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမား ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။
ဆွန်ဟောင်မင်က “ဒီအသက်အရွယ်မှာ ယာမဲလ်ရဲ့ စွမ်းဆောင်နိုင်ပုံက မယုံနိုင်စရာပါပဲ။ သူ့ရဲ့စွမ်းဆောင်ပုံကို ကျနော် နှစ်သက်ပါတယ်။ သူဟာ အလွန်ငယ်ရွယ်သေးပြီး ဒါက ကောင်းမွန်တဲ့ အချက်ဖြစ်သလို သူ့မှာတိုးတက်ဖို့ အများကြီး ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် လာမယ့်နှစ် အနည်းငယ်အတွင်းမှာ သူဟာ ထိပ်ဆုံး၊ နံပါတ်တစ် ဖြစ်လာမှာပါ”လို့ ပြောခဲ့တာပါ။
ယာမဲလ်ဟာ လက်ရှိပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် ဘာစီလိုနာအသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ် လာပြီး ဘောလွန်းဒီအောဆုကို ၈ ကြိမ်အထိ ရရှိထားတဲ့ မက်ဆီနဲ့ နှိုင်းယှဉ်မှုတွေ ပြုလုပ်ခြင်းခံနေရတာ ဖြစ်ပါ တယ်။
ယာမဲလ်ဟာ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးပေမယ့် စပိန်လက်ရွေးစင်နဲ့ ဘာစီလိုနာအသင်းတို့မှာ အဓိက ကစားသမားအဖြစ် ပုံမှန်ပွဲထွက်ခွင့် ရရှိနေတာပါ။
ယာမဲလ်ဟာ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ Golden Boy နဲ့ Kopa Trophy ဆု အပါအဝင် တစ်ဦးချင်းဆု အများအပြားကို ရရှိထားတာဖြစ်ပါတယ်။
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ယာမဲလ်ကို ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမား ၅ ဦးစာရင်းထဲ ထည့်သွင်းခဲ့ပြီး မကြာခင်မှာ ထိပ်ဆုံးနေရာကို ရောက်ရှိသွားမယ်လို့ ယုံကြည်မှုရှိနေတာပါ။
ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားထားတာမှာ ၁၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ထားပါတယ်။
ယာမဲလ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လဆိုရင် ကုန်ဆုံးမှာဖြစ်ပြီး စပိန်ကလပ်က သူ့ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေတာပါ။
ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါ၊ ချန်ပီယံလိဂ်၊ ကိုပါဒယ်ရေးဖလား ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာရှိနေပြီး ဘာစီလိုနာအသင်းဟာ မတ်လ ၁၇ ရက်မနက်ပိုင်းမှာ အသလက်တီကိုအသင်းနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal