CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၆
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဒီရာသီကုန်ရင် အသင်းနဲ့စာချုပ် ကုန်ဆုံးမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်ကို လာမယ့်ရာသီ အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။
အာနီဆလော့က “လာမယ့်နှစ်မှာ ဘာဖြစ်မလဲဆိုတာ ကျနော်တောင် မသိပါဘူး။ ရလဒ်တွေအရရော လာမယ့် ရာသီမှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော်မသိပါဘူး။ ကျနော်သိတာ တစ်ခုကတော့ ဗန်ဒိုက်ကို လာမယ့်ရာသီ ဒီမှာ ဆက်ရှိစေချင်တယ်ဆိုတာပါ။ ကျန်တာတွေ အားလုံးကတော့ သူ့ရဲ့စာချုပ်အကြောင်းကို ပြောနေကြတာပဲ” လို့ ပြောခဲ့တာပါ။
ဒတ်ချ်အသင်းခေါင်းဆောင် ဗန်ဒိုက်အပြင် အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ အာနိုးလ်တို့ကလည်း ဒီရာသီကုန်ရင် လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ အခုအချိန်ထိ သူတို့ ၃ ဦးစလုံးနဲ့ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးလို့ ရာသီကုန်ရင် အလွတ်နဲ့ ဆုံးရှုံးရဖွယ်ရှိနေတာပါ။
ဗန်ဒိုက်နဲ့အာနီဆလော့ကို တွေ့ရစဉ်
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီက ဆောက်သမ်တန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းနဲ့ အဓိကဆုဖလား အောင်မြင်မှုတွေ ရရှိထားပြီး ၂၀၂၃ ခုနှစ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပါတယ်။
ဗန်ဒိုက်က သူဟာ လာမယ့်ရာသီ လီဗာပူးလ်အသင်းမှာ ဆက်ရှိမလားဆိုတာ မသေချာဘူးလို့ ဝန်ခံထားသလို ပီအက်စ်ဂျီအသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ ပီအက်စ်ဂျီအသင်း အကြီးအကဲတွေနဲ့ စကားပြော ဆိုမှုတွေ ပြုလုပ်ခဲ့တာပါ။
ဗန်ဒိုက်ဟာ လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းနဲ့အတူ ဒီရာသီဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ကိုသာ အာရုံစိုက်နေပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ပထမဆုံးဆုဖလား ရယူနိုင်မယ့် အခွင့်အရေးအဖြစ် မတ်လ ၁၆ ရက်မှာ နယူးကာဆယ်အသင်းနဲ့ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal