CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅
လီဗာပူးလ်အသင်းဟာ ဘန်လေအသင်းကို နောက်ကျ ပင်နယ်တီ သွင်းဂိုးကြောင့် ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နောက် နည်းပြအာနီဆလော့က သူ့အသင်း ကံကောင်းခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
အာနီဆလော့က “၁၈ ကိုက်ထဲမှာ ကစားသမား ၁၁ ဦးရှိတဲ့အသင်းနဲ့ ရင်ဆိုင်တဲ့အချိန်မှာ အခွင့်အရေးတွေ ဖန်တီးရ တာ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ ကျနော်သိပါတယ်။ သူတို့နဲ့ပတ်သက်ပြီး အဆိုးမြင်တဲ့ အရာတွေ ဘာမှ မပြောပေမယ့် ရင်ဆိုင်ရတာ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာကို ရှင်းပြတာပါ။ သရေဟာ ဒီပွဲအတွက် ကျနော်တို့ မျှော်လင့်ထားတဲ့အရာ ဖြစ်နိုင်ပေမယ့် လူစားလဲမှုတွေ ပြုလုပ်ပြီး ကြိုးစားခဲ့ရပါတယ်။ ကျနော်တို့ ပင်နယ်တီရခဲ့ပြီး ကံကောင်းခဲ့တယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ မိနစ် ၉၀ ပြည့်ပြီးတဲ့အချိန်ထိ ဂိုးမရှိ သရေကျနေပေမယ့် နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ဘန်လေ အသင်းကစားသမား မက်ချ်ဘရီရဲ့ လက်ထိဘောကြောင့် လီဗာပူးလ်အသင်း ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီပင်နယ်တီကို ဆာလက်က အမှားအယွင်းမရှိ ကန်သွင်းပြီး လီဗာပူးလ်အသင်းကို နိုင်ပွဲရယူပေးနိုင်ခဲ့တာပါ။
လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲစလုံး ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၄ ပွဲစလုံး မိနစ် ၈၀ နောက်ပိုင်းမှာ အနိုင်ဂိုးတွေ ရယူနိုင်ခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က သူ့အသင်းဟာ ခံစစ်ကစားနေတဲ့ ဘန်လေအသင်းကို သွင်းဂိုး သွင်းယူ နိုင်ဖို့ ခက်ခဲပေမယ့် နောက်ကျ အနိုင်ဂိုးကြောင့် ကံကောင်းခဲ့တယ်လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့နောက်ဆုံးနေ့က နယူးကာဆယ်အသင်းကနေ ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး အစ်ဆက်ကို ပွဲလူစာရင်းထဲမှာ ထည့်သွင်းလာခဲ့ခြင်း မရှိပါဘူး။
လီဗာပူးလ်အသင်း နည်းပြအာနီဆလော့က တိုက်စစ်မှူး အစ်ဆက်ကို လာမယ့် အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မိနစ်အနည်းငယ် အသုံးပြုဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။
Source: ESPN