အဲဗာတန်နဲ့ပွဲမှာ လီဗာပူးလ်အတွက် အစ်ဆက် ပွဲထွက်ဖွယ်ရှိ

CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က နယူးကာဆယ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆွီဒင် တိုက်စစ်မှူး အစ်ဆက်ဟာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် မာဆေးဆိုဒ် ဒါဘီပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ဖွယ်ရှိနေပါတယ်။ 

ဗြိတိန်စံချိန် တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အစ်ဆက်ဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရခြင်း မရှိသေးတာပါ။ 

အစ်ဆက်ဟာ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံရဖို့ လုပ်ဆောင်ခဲ့ရပါတယ်။

ဒါပေမယ့် အစ်ဆက်ဟာ အက်သလက်တီကိုအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ လီဗာပူးလ် အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ခဲ့ပြီး ၅၈ မိနစ်အထိ ပါဝင်ကစားခဲ့တာပါ။ 

ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲစလုံးကို နွေရာသီက ပေါင် ၇၉ သန်းနဲ့ ခေါ်ယူထားတဲ့ အက်ကီတီကေက ပွဲထွက်ခဲ့ပြီး ၂ ဂိုး သွင်းယူထားပါတယ်။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ ၄-၃-၃ ကစားကွက်ပုံစံကို အများဆုံး အသုံးပြုတာကြောင့် အစ်ဆက်နဲ့ အက်ကီတီကေတို့ဟာ အသင်းရဲ့ ပွဲထွက် တိုက်စစ်မှူး နေရာအတွက် ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။ 

အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ အစ်ဆက်ကို ပွဲထွက်လူစာရင်းထဲ အသုံးပြုဖွယ် ရှိ/မရှိ သတင်းထောက်တွေက မေးမြန်းခဲ့ချိန်မှာ နည်းပြ အာနီဆလော့က သူဟာ ပွဲမတိုင်မီ တစ်ရက်အလိုမှာ မီဒီယာတွေကို အများကြီး မပြောဖြစ်ဘူးလို့ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် အာနီဆလော့က အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ အစ်ဆက်နဲ့အက်ကီတီကေတို့ ၂ ဦးစလုံးကို ပွဲထွက် လူစာရင်းထဲ အသုံးပြုနိုင်ပြီး တစ်ဦးကို ဘယ်တောင်ပံမှာ အသုံးပြုနိုင်တယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတာပါ။ 

လီဗာပူးလ်အသင်းဟာ ဒီရာသီကစားထားတဲ့ ၅ ပွဲစလုံး နောက်ကျသွင်းဂိုးတွေနဲ့ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ပြီးရင် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဂါလာတာ စာရေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Metro