CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁

လီဗာပူးလ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ဆွီဒင်တိုက်စစ်မှူး အစ်ဆက်ကို ပေါင်သန်း ၁၃၀ နဲ့ ခေါ်ယူဖို့ နယူးကာဆယ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ 

အစ်ဆက်ဟာ အပြောင်းအရွှေ့ မပိတ်မီ လီဗာပူးလ်အသင်းနဲ့ ဆေးစစ်မှုခံယူကာ ၆ နှစ် စာချူပ် ချုပ်ဆိုသွားမှာ ဖြစ်ပြီး ဒီအပြောင်းအရွှေ့ဟာ ဗြိတိန်စံချိန်တင် အပြောင်းအရွှေ့ ဖြစ်လာမှာပါ။ 

နယူးကာဆယ်အသင်းဟာ တိုက်စစ်မှူး အစ်ဆက်ကို ရောင်းချဖို့ အစီအစဉ် မရှိခဲ့ပေမယ့် ကစားသမားက အသင်း အတွက် ပါဝင်ကစားခြင်း မရှိသလို လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြောထားတာ ဖြစ်ပါတယ်။ 

နယူးကာဆယ်အသင်းဟာ ဂျာမန်တိုက်စစ်မှူးဝေါ်လ်တီမာဒီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၆၉ သန်း နဲ့ ခေါ်ယူပြီးနောက်မှာ အစ်ဆက်ကို ထွက်ခွာခွင့်ပေးခဲ့တာပါ။ 

လီဗာပူးလ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဖရန့်ဖတ်အသင်း တိုက်စစ်မှူး အက်ကီတီကေကို ပေါင် ၇၉ သန်းနဲ့ ခေါ်ယူထားပေမယ့် အသင်းရဲ့တိုက်စစ်ကို ပိုပြီးအားကောင်းစေဖို့အတွက် အစ်ဆက်ကို ခေါ်ယူပြီး အားဖြည့် ခဲ့တာ ဖြစ်ပါတယ်။ 

အစ်ဆက်ကို တွေ့ရစဉ် 

၂၀၂၂ ခုနှစ်က ဆိုစီဒက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အစ်ဆက်ဟာ နယူးကာဆယ်အသင်းအတွက် ၁၀၉ ပွဲ ကစားခဲ့ပြီး ၆၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။ 

အစ်ဆက်ဟာ နယူးကာဆယ်အသင်းကို ပြီးခဲ့တဲ့ရာသီက ကာရာဘောင်းလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ ပါတယ်။ 

လီဗာပူးလ်အသင်းဟာ အစ်ဆက်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီးနောက် ခရစ္စတယ်ပဲလေ့စ်အသင်း နောက်ခံလူ ဂူဟီကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာက အသင်းအနေနဲ့ အောင်မြင်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ချင်ရင် ဂူဟီကို ဆက်ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ပြောထားတာပါ။ 

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒီရာသီကုန်ရင် အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဂူဟီအတွက် ပေါင်သန်း ၄၀ လိုချင် နေပါတယ်။ 

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ ဒီရာသီလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

Source: Metro