CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇
အာဆင်နယ်အသင်းဟာ စပါး၊ ယူနိုက်တက်အသင်းတို့နဲ့အပြိုင် ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ကြယ်ပွင့် အီဇီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ talkSPORT က ဖော်ပြထားပါတယ်။
အီဇီဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ် အသင်း အတွက် အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာ အပါအဝင် ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၁၄ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးနိုင်ခဲ့တာပါ။
စပါးအသင်းဟာ နည်းပြသစ် သောမတ်စ်ဖရန့်ခ် လက်ထက် အဓိကခေါ်ယူမှုအဖြစ် အီဇီကို ခေါ်ယူနိုင်ဖို့ ပစ်မှတ် ထားနေပြီး ယူနိုက်တက်အသင်းကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းကို အားကောင်းအောင်ပြုလုပ်ဖို့ အီဇီကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
အီဇီဟာ တိုက်စစ်နေရာစုံမှာ ကစားနိုင်တဲ့သူ ဖြစ်တာကြောင့် အာဆင်နယ်အသင်း ခေါ်ယူမယ့် ကစားသမား စာရင်းထဲမှာ တစ်ဦးအနေနဲ့ ပါဝင်လာခဲ့တာပါ။
အီဇီနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၈ သန်း ပါဝင်နေပြီး အာဆင်နယ် အသင်းက ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ ရီးရယ်လ်အသင်းက ရိုဒရီဂိုထက် ဈေးသက်သာတဲ့ ရွေးချယ်မှု ဖြစ်လာ နိုင်ပါတယ်။
အီဇီကို တွေ့ရစဉ်
အာဆင်နယ်အသင်း ခေါ်ယူမယ့် စာရင်းထဲမှာ ဝက်စ်ဟမ်းအသင်းက ကူဒက်စ်နဲ့ နယူးကာဆယ်အသင်းက ဂေါ်ဒွန်တို့လည်း ပါဝင်နေတာဖြစ်ပါတယ်။
အီဇီကတော့ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ စွမ်းဆောင်နိုင်တဲ့ အသင်းတစ်သင်းထံ ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ ဆန္ဒကို ဖုံးကွယ်ထားခြင်းတော့ မရှိပါဘူး။
အီဇီနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိ နေပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အီဇီကို လက်မလွှတ်ချင်ပေမယ့် သူ့ကို စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူမယ် ဆိုရင် အပြောင်းအရွှေ့ကို တားဆီးနိုင်ဖွယ်မရှိပါဘူး။
၂၀၂၀ ခုနှစ်က ကျူပီအာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အီဇီဟာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ၁၆၆ ပွဲ ကစားထားပြီး ၃၉ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။