CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈

အာဆင်နယ်အသင်းဟာ အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်ကွင်းကို တိုးချဲ့ပြီး ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ဖို့အတွက် အသင်းအတွင်းပိုင်းမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဆွေးနွေးမှုတွေဟာ အစောပိုင်း အဆင့်မှာ ရှိနေပေမယ့် တိုးချဲ့မှုတွေ ပြုလုပ်ခဲ့ရင် ဝင်ဘလေကွင်းကို အိမ်ကွင်း အဖြစ် အသုံးပြုဖို့ ဖြစ်နိုင်ခြေကိုလည်း ဆွေးနွေးမှု ပြုလုပ်ထားပါတယ်။ 

အာဆင်နယ်အသင်းဟာ ၁၉၉၈-၉၉ နဲ့ ၁၉၉၉-၂၀၀၀ ရာသီ နှစ်ခုစလုံးမှာ ဝင်ဘလေကွင်းဟောင်းကို အိမ်ကွင်း အဖြစ် အသုံးပြုပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားခဲ့ပါတယ်။ 

လာမယ့်နှစ်ဟာ အာဆင်နယ်အသင်းအတွက် ဟိုက်ဘူရီကွင်းကနေ အမ်းမရိတ်ကွင်းကို ပြောင်းရွှေ့ပြီးကစားတာ နှစ်ပေါင်း ၂၀ ပြည့်မှာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ နိုင်ငံရှိ အကြီးမားဆုံး အားကစားကွင်းတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပရိသတ်တွေ ပိုပြီးဝင်ဆံ့နိုင်ဖို့ ထိုင်ခုံထောင်ပေါင်းများစွာကို ထပ်ထည့်နိုင်ဖို့လည်း အစီအစဉ်ရှိနေတာပါ။ 

အာဆင်နယ်အသင်း ဘောလုံးကွင်းကိုတွေ့ရစဉ်

ပရိသတ်ဦးရေ ၆၀,၇၀၄ ဝင်ဆံ့တဲ့ အမ်းမရိတ်ကွင်းဟာ အင်္ဂလန်မှာ ပဉ္စမမြောက် အကြီးမားဆုံး ကွင်းဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ အမ်းမရိတ်ကွင်းကို ပရိသတ်ဦးရေ ၇၀,၀၀၀ ကျော် ဝင်ဆံ့နိုင်အောင် တိုးချဲ့ဖို့ အစီအစဉ် တွေ ရေးဆွဲထားတာပါ။ 

လက်ရှိ အချိန်ထိတော့ အပြီးသတ် ဆုံးဖြတ်ရခြင်း မရှိသေးဘဲ ဆွေးနွေးမှုအဆင့်သာ ရှိသေးတာဖြစ်ပါတယ်။ 

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းဟာ ပရိသတ်ဦးရေ ၇၄,၈၇၉ ဝင်ဆံ့ကာ အကြီးမားဆုံးဖြစ်ပြီး စပါးအသင်းကွင်းက ၆၂,၈၅၀ ဦးရေနဲ့ ဒုတိယ၊ ဝက်စ်ဟမ်းအသင်းက ၆၂,၅၀၀ ဦးရေနဲ့ တတိယ၊ လီဗာပူးလ်အသင်းက ၆၁,၂၇၆ ဦးရေဝင်ဆံ့ပြီး စတုတ္ထနေရာ ရပ်တည်နေပါတယ်။ 

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ကောင်းမွန်နေပြီး ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးနေရာ ရပ်တည်နေသလို ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားတာဖြစ်ပါတယ်။ 

Source: BBC