CNI Sport News
၂၀၂၆ ခုနှစ်၊ မတ် ၁၃
ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲမှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် ရန်ကုန်ယူနိုက်တက်အသင်း တောင်ပံကစားသမား မောင်မောင်လွင်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကျင့်ဝတ်ကော်မတီက ၆ လ ပွဲပယ်နဲ့ ဒဏ်ကြေးငွေသိန်း ၃၀ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဒီပွဲကို လာရောက်ကြည့်ရှုတဲ့ အမျိုးသမီးပရိသတ်တစ်ဦးဟာ ရန်ကုန်ယူနိုက်တက်အသင်းက ကစားသမားတွေကို နာမည်တပ်ပြီး ဝေဖန်အော်ဟစ် ဆဲဆိုမှုတွေပြုလုပ်နေခဲ့တာပါ။
အဲ့ဒါကြောင့် ပထမပိုင်းအပြီးမှာ မောင်မောင်လွင်ဟာ ပွဲကြည့်စင်ပေါ်ကိုတက်ကာ အဆိုပါအမျိုးသမီးပရိသတ်ကို ကိုယ်ထိလက်ရောက် တွန်းထိုးမှုပြုလုပ်တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

မောင်မောင်လွင် ဘောလုံးကစားနေသည်ကိုတွေ့ရစဉ်
မောင်မောင်လွင်အနေနဲ့ ကစားသမားတစ်ဦးက လိုက်နာရမယ့်စည်းကမ်းကျင့်ဝတ်တွေကို ကျော်လွန်ပြီး ပြုလုပ်ခဲ့တာကြောင့် မတ်လ ၁၁ ရက်ကနေစတင်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးက ကြီးမှူးကျင်းပတဲ့ပြိုင်ပွဲတွေ၊ ဘောလုံးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာ ၆ လအထိ ကစားခွင့်/ပါဝင်လုပ်ဆောင်ခွင့် မပြုဖို့နဲ့ ဒဏ်ကြေးငွေကျပ်သိန်း ၃၀ ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတာပါ။
ဒါ့အပြင်တာဝန်ကျ ဒိုင်လူကြီးဦးကျော်ဇေယျာအောင်ဟာ မောင်မောင်လွင်ကို အနီကတ်ပြသခြင်းမရှိဘဲ ဘောလုံးဥပဒေစည်းမျဉ်းကို မျက်ကွယ်ပြုခဲ့တဲ့အတွက် အနီးစပ်ဆုံး ၃ ပွဲပယ်နဲ့ ပြိုင်ပွဲကြီးကြပ်၊ ဒိုင်ကြီးကြပ်တို့ကိုလည်း ဥပဒေနဲ့အညီ ကွင်းလယ်ဒိုင်လူကြီးကိုဆောင်ရွက်ဖို့ သတိမပေးခဲ့လို့ အနီးစပ် ၃ ပွဲကို တာဝန်ချမပေးဖို့ MFF က ပြစ်ဒဏ်ချခဲ့ပါတယ်။
အော်ဟစ်ဆဲဆိုမှုတွေပြုလုပ်ခဲ့တဲ့ အမျိုးသမီးပရိသတ်ကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကျင့်ဝတ်ကော်မတီက အရေးယူသွားမယ်လို့ သိရပါတယ်။
