CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃
အက်စတွန်ဗီလာအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပြီးနောက် နည်းပြ အူနှိုင်း အမ်မရီက ဒီဆုဖလားကို ရယူနိုင်ဖို့ အိပ်မက်မက်နေပါတယ်။
အူနှိုင်းအမ်မရီက “ဒီပြိုင်ပွဲမှာ ဆုဖလားအတွက် ယှဉ်ပြိုင်တဲ့ သူဖြစ်ဖို့ ကျနော်တို့မှာ ရှင်းလင်းတဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ ချန်ပီယံလိဂ်ကစားဖို့ ဒီဆုဖလားလိုအပ်ရင် ဆုဖလားရယူနိုင်ဖို့ ယှဉ်ပြိုင်တဲ့သူ ဖြစ်ချင်ပါတယ်။ ကျနော် ဟာ ဒီအသင်းနဲ့ ဆုဖလားတွေ ရယူဖို့ အိပ်မက်မက်နေပြီး ယူရိုပါလိဂ်က ဒီနှစ်မှာ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ ထဲက တစ်ခုပါ”လို့ ပြောခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဖီနာဘာချီအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ယူရိုပါလိဂ်ပွဲစဉ်ကစားဖို့ ၁ ပွဲ ကျန်ရှိသေးချိန်မှာ ၁၆ သင်းအဆင့် တက်နိုင်ဖို့ သေချာသွားခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာ ရပ်တည်နေပါတယ်။
ဒါပေမယ့် နည်းပြအူနှိုင်းအမ်မရီက သူ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၅ သင်းထဲ ဝင်ရောက်နိုင်မယ့် အသင်း မဟုတ်ဘူးလို့ အဲဗာတန်အသင်းကို အရေးနိမ့်တဲ့ပွဲ အပြီးမှာ ပြောခဲ့တာပါ။

အူနှိုင်းအမ်မရီကို တွေ့ရစဉ်
အက်စတွန်ဗီလာအသင်း အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၄ သင်း ဒါမှမဟုတ် ၅ သင်းအပြင် ဘက် ရပ်တည်မယ်ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သူတို့ရဲ့တစ်ခုတည်းသော မျှော်လင့်ချက်က ယူရိုပါလိဂ်ဖလား ရယူနိုင်ဖို့ ဖြစ်ပါတယ်။
အူနှိုင်းအမ်မရီဟာ ယူရိုပါလိဂ်ဖလားကို နည်းပြအဖြစ် စံချိန်တင် ၄ ကြိမ်အထိ ရရှိထားပြီး နောက်ဆုံးအကြိမ် အဖြစ် ၂၀၂၁ ခုနှစ်မှာ ဗီလာရီးရယ်လ်အသင်းနဲ့ ရယူနိုင်ခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ ဆုဖလား ရရှိမှုအရ အင်္ဂလိပ်ဘောလုံးလောကမှာ သတ္တမမြောက် အအောင်မြင်ဆုံး အသင်းဖြစ်ပေမယ့် ၁၉၉၆ ခုနှစ်မှာ လိဂ်ဖလားရရှိခဲ့တာက သူတို့ရဲ့အဓိက ဆုဖလား နောက်ဆုံးရရှိမှုဖြစ်ပါတယ်။
Source: BBC
