CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃

ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာက အီတလီလူမျိုးနည်းပြ ကွန်တီဟာ အသင်းမှာရှိခဲ့တဲ့ အချိန်အတွင်း အမြဲတမ်း ဒေါသထွက်ခဲ့ပြီး ဘယ်သူ့မှ သူ့ကို ကြိုက်နှစ်သက်ခဲ့ခြင်း မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။

ဒီယေဂိုကော်စတာက “သူဟာ တခြားသူတွေကို မယုံကြည်သလို အရာအားလုံးကို သူသိတယ်ဆိုပြီး ထင်နေတဲ့ သူပါ။ သူဟာ အမြဲတမ်း ဒေါသထွက်တဲ့အတွက် သူနဲ့လေ့ကျင့်ရတာကို မပျော်ရွှင်ပါဘူး။ ဘယ်သူ့ကမှ သူ့ကို မကြိုက် နှစ်သက်တာကြောင့်လည်း သူကြာကြာ မခံခဲ့တာပါ။ ပြီးခဲ့တာက ပြီးသွားပါပြီ”လို့ အိုဘီမီခေးလ် podcast ကို ပြောခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဒီယေဂိုကော်စတာကို ၂၀၁၄ ခုနှစ်မှာ အက်သလက်တီကို အသင်းကနေ ပေါင် ၃၂ သန်းနဲ့ ခေါ်ယူခဲ့ပြီး သူဟာ အသင်းမှာ လျင်မြန်စွာ အသားကျကာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီယေဂိုကော်စတာဟာ ချယ်လ်ဆီးအသင်းထံ ကွန်တီ ရောက်ရှိလာအပြီးမှာ အဆင်မပြေမှု ရှိခဲ့တာပါ။ 

ကော်စတာနဲ့ မော်ရင်ဟိုကို တွေ့ရစဉ်

ဒီယေဂိုကော်စတာဟာ တရုတ်စူပါလိဂ်ရဲ့ ပြင်းထန်တဲ့ စိတ်ဝင်စားမှုတွေကြောင့် လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရသလို နည်းပြကွန်တီက သူ့ကိုအသင်းကနေ ထွက်ခွာနိုင်ကြောင်း နွေရာသီမှာ စာပေးပို့ပြီး အသိပေးခဲ့ ပါတယ်။ 

အဲ့ဒါကြောင့် ကော်စတာဟာ ချယ်လ်ဆီးအသင်းမှာ ၃ ရာသီကြာ ကစားပြီးနောက် အသင်းဟောင်း အက်သလက်တီကိုအသင်းထံ ပြန်ပြောင်းရွှေ့သွားခဲ့ပါတယ်။ 

ကော်စတာဟာ ဒီနောက်မှာ အက်သလက်တီကို မင်နဲရိုး၊ ဝုလ်ဗ်စ်၊ ဘိုတာဖိုဂိုနဲ့ ဂရီမီယိုအသင်းတွေမှာ ကစားခဲ့ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။

ကော်စတာက သူအနှစ်သက်ဆုံး နည်းပြက မော်ရင်ဟိုဖြစ်ပြီး သူ့ရဲ့ idol က ဒရော့ဘာ ဖြစ်တယ်လို့ ပြောခဲ့ပါ တယ်။ 

Source: metro