CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂

ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆန်ကို အသင်းမှာ ၂၀၃၃ ခုနှစ်အထိရှိမယ့် ၂ နှစ် သက်တမ်း တိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီက ဗီလာရီးရယ်လ်အသင်းကနေ ပေါင် ၃၂ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ နီကိုလက်စ်ဂျက်ဆန်ဟာ စာချုပ်သစ်ကြောင့် ချယ်လ်ဆီးအသင်းမှာ နောက်ထပ် ၉ နှစ်ကြာအထိ ရှိတော့မှာပါ။

အသက် ၂၃ နှစ်အရွယ်ရှိ နီကိုလက်စ်ဂျက်ဆန်ဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာ ၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

နီကိုလက်စ်ဂျက်ဆန်ဟာ ဂိုးသွင်းပိုင်း စွမ်းရည်တွေကြောင့် ဝေဖန်မှုတွေ မကြာခဏ ခံနေရပေမယ့် ချယ်လ်ဆီး အသင်းက သူ့ကို စာချုပ်သက်တမ်းတိုးခဲ့တာပါ။

နီကိုလက်စ်ဂျက်ဆန်ကို တွေ့ရစဉ် 

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက”ဂျက်ဆန် စာချုပ်သစ် ချုပ်မယ်ဆိုတာ ကျနော်သိပေမယ့် ဘယ်လောက် ချုပ်မလဲဆိုတာတော့ မသိပါဘူး။ ကျနော်အလွန်ပျော်ရွှင်ပါတယ်။ သူဟာ ကျနော်တို့နဲ့အတူ ကောင်းမွန်တဲ့အလုပ်ကို လုပ်ဆောင်နေပါတယ်။ သူဟာ ဒီပွဲမှာ ဂိုးသွင်းခဲ့သလို ဒီရာသီသွင်းဂိုး ၂ ဂိုးအထိ သွင်းယူထားပြီးပါပြီ”လို့ ပဲလေ့စ်အသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ရာသီသစ် မစတင်ခင် အချိန်တုန်းကလည်း ကြယ်ပွင့် ကိုးလ်ပါလ်မာကို ၂၀၃၃ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးထားခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ကိုးလ်ပါလ်မာ၊ နီကိုလက်စ်ဂျက်ဆန်တို့ကိုသာ အသင်းမှာ နှစ်ကာလရှည်ရှိမယ့် စာချုပ် ချုပ်ဆိုထားတာ မဟုတ်ပါဘူး။

အီစတီဗာအို၊ ကန်ဒရီ၊ အန်ဇို၊ မူဒရစ်၊ နက်တို၊ ကိုင်စီဒို အစရှိတဲ့ ကစားသမားတွေကိုလည်း နှစ်ကာလရှည် စာချုပ်ချုပ်ဆိုထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: BBC