CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃

အက်စတွန်ဗီလာအသင်းဟာ ဘိုလော့ဂ်နာအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။ 

၁၉၈၃ ခုနှစ်နောက်ပိုင်း ၄၁ နှစ်အကြာမှ ဥရောပထိပ်တန်း ကလပ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၃ ပွဲစလုံး အနိုင်ရရှိကာ ပေးဂိုးမပေးရသေးဘဲ အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။ 

အက်စတွန်ဗီလာအသင်းဟာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ယန်းဘွိုင်းစ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒုတိယပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

ဘိုလော့ဂ်နာအသင်းနဲ့ပွဲမှာ အက်စတွန်ဗီလာအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဂင်းက သူတို့ဟာ ဒီမှာ ရပ်တန့်နေမှာ မဟုတ်ဘဲ အကောင်းဆုံးပုံစံနဲ့ ရှေ့ဆက်သွားမယ်လို့ ပြောခဲ့ပါတယ်။ 

အက်စတွန်ဗီလာအသင်းကို တွေ့ရစဉ်

မက်ဂင်းက “ကျနော်တို့ တည်ဆောက်နေတဲ့ အရာက အံ့သြစရာကောင်းပါတယ်။ ကျနော်တို့ဟာ ၃ ပွဲကစား ၃ ပွဲနိုင်နဲ့ အရေးကြီးဆုံးက ဂိုးမပေးခဲ့ရတာပါ။ ကျနော်တို့ ဒီမှာရပ်မတန့်ချင်ပါဘူး။ ကစားသမားအချို့လည်း ပြန်လာ နိုင်ပြီဖြစ်လို့ ကျနော်တို့ဟာ ပိုပြီးသန်မာလာပါပြီ”လို့ ပြောခဲ့တာပါ။ 

အက်စတွန်ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီက သူတို့ဟာ အနိုင်ရတဲ့ စွမ်းဆောင်ရည်ကို ဆက်ထိန်းပြီး ရမှတ် တွေကို ရယူနိုင်ရင် ထိပ်ဆုံး ၈ သင်းထဲ ဝင်ရောက်နိုင်မယ်ဆိုတာ သေချာတယ်လို့ ပြောခဲ့ပါတယ်။

ဒီပွဲမှာ အက်စတွန်ဗီလာအသင်းအတွက် ၁ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဒူရမ်ဟာ လူစားလဲခံရချိန် အရန်ခုံ တန်းပေါ်မှာ ဒေါသထွက်နေခဲ့ပေမယ့် နည်းပြ အူနှိုင်းအမ်မရီက ဒူရမ်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာပါ။

အက်စတွန်ဗီလာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်း ရရှိထားသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ၈ ပွဲ ကစားအပြီး ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN