CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၂၀

ချက်နိုင်ငံက အမျိုးသမီးဘောလုံးနည်းပြ တစ်ဦးဟာ ကစားသမားတွေရဲ့ အဝတ်လဲခန်းနဲ့ ရေချိုးခန်းအတွင်း လျှို့ဝှက်ဗွီဒီယို ရိုက်ခဲ့တဲ့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က နည်းပြအဖြစ်ကနေ တစ်သက်တာ ပိတ်ပင်ခဲ့ပါတယ်။ 

ဆလိုဗာကိုအသင်းရဲ့ နည်းပြဟောင်း ဗလာချော့ဗ်စကီးဟာ ၄ နှစ်တာ ကာလအတွင်း အမျိုးသမီးပေါင်း တစ်ဒါဇင် ကျော်ကို ဗွီဒီယို ရိုက်ကူးမှု ပြုလုပ်ခဲ့တာကြောင့် ချက်နိုင်ငံက သူ့ကို ပြီးခဲ့တဲ့နှစ်မှာ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ 

ဗလာချော့ဗ်စကီးဟာ ဆိုင်းငံ့ ထောင်ဒဏ် ၁ နှစ်နဲ့ ချက်နိုင်ငံမှာ နည်းပြလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခြင်း ခံခဲ့ရတာပါ။ 

UEFA ကတော့ ဗလာချော့ဗ်စကီးဟာ စော်ကားမှု ဒါမှမဟုတ် မသင့်လျော်တဲ့ အပြုအမူတွေ ပြုလုပ်ပြီး စည်းမျဉ်း တွေကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ကာ တစ်သက်တာ ပိတ်ပင်မှုကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

ဆလိုဗာကိုအသင်းရဲ့ နည်းပြဟောင်း ဗလာချော့ဗ်စကီးကို တွေ့ရစဉ်

ဒါ့အပြင် UEFA ဟာ ဗလာချော့ဗ်စကီးကို နိုင်ငံတကာမှာလည်း ကိုင်တွယ်ခွင့် ပိတ်ပင်ဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ထံ တောင်းဆိုခဲ့ပြီး ချက်ဘောလုံးအဖွဲ့ချုပ်ကိုလည်း သူ့ရဲ့နည်းပြ လိုင်စင် ရုပ်သိမ်းဖို့ တောင်းဆိုခဲ့တာပါ။ 

အာဏာပိုင်တွေဟာ အွန်လိုင်းမှာ ဗွီဒီယိုကို တွေ့ရှိခဲ့ပြီးနောက် ဗလာချော့ဗ်စကီးကို ၂၀၂၃ ခုနှစ်မှာ ဖမ်းဆီးမှု ပြုလုပ်ခဲ့ပါတယ်။ 

ဗလာချော့ဗ်စကီးဟာ ဆလိုဗာကိုအသင်းကို ၁၅ နှစ်နီးပါးနည်းပြအဖြစ်ကိုင်တွယ်ခဲ့သလို ချက် ယူ-၁၉ အမျိုးသမီး အသင်းကိုလည်း နည်းပြအဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ 

ဗလာချော့ဗ်စကီးဟာ တစ်ချိန်တုန်းက ချက်နိုင်ငံရဲ့ အကောင်းဆုံး အမျိုးသမီးနည်းပြအဖြစ် မဲပေးခြင်းခံခဲ့ရ တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

Source: ESPN