CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဗီလာရီးရယ်လ်အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲမှာ ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့တဲ့ တိုက်စစ်မှူးသစ် ယိုကီရက်စ်ဟာ ပရီးမီးယားလိဂ် ရာသီသစ် စတင်ချိန်မှာ အလွန်ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ 

အာတီတာက “ပွဲစတင်ပြီး ကစားခွင့်ရတဲ့ ခံစားချက်နဲ့ အသင်းနဲ့အတူ ချိတ်ဆက်ပြီး ကစားနိုင်ဖို့က သူ့အတွက် အလွန်အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ သူဟာ ကျနော်တို့နဲ့ တစ်ပတ်ပဲ ရှိသေးပေမယ့် သူ့ရဲ့တိုက်စစ်ဆင် ပုံတွေနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မြင်တွေ့ခဲ့ရပါတယ်။ သူဟာ လေ့ကျင့်ရေးမှာလည်း ကောင်းမွန်တဲ့ ခံစားချက် တွေ ရနေပြီလို့ ထင်ပါတယ်။ လာမယ့် စနေနေ့မှာ သူဟာ နောက်ထပ် ခြေလှမ်းလှမ်းပြီး အခြေအနေတွေ ပိုပြီး ကောင်းလာမှာပါ”လို့ ပြောခဲ့တာပါ။ 

စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင် ၆၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆွီဒင် တိုက်စစ်မှူး ယိုကီရက်စ်ဟာ ပြီးခဲ့တဲ့ စပါးအသင်းနဲ့ပွဲမှာ မိနစ်အနည်းငယ်ပဲ ပါဝင်ကစားခွင့် ရခဲ့ပေမယ့် ဗီလာရီးရယ်လ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေး နိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ 

ယိုကီရက်စ်ကို တွေ့ရစဉ်

ယိုကီရက်စ်ဟာ ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် တစ်နာရီကျော်ကြာ ပါဝင်ကစားခဲ့ပေမယ့် ဂိုးသွင်းနိုင်မယ့် အခွင့်အရေး အနည်းငယ်သာ ရရှိခဲ့တာပါ။ 

ယိုကီရက်စ်ဟာ လူစားလဲ မခံရမီမှာ ဂိုးသွင်းနိုင်ဖို့ အကောင်းဆုံး အခွင့်အရေး ရခဲ့ပေမယ့် သူ့ရဲ့ အားပါတဲ့ ကန်သွင်းမှုကို ဗီလာရီးရယ်လ်အသင်း ဂိုးသမား ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ယိုကီရက်စ်ဟာ အာဆင်နယ်အသင်းနဲ့ ပူးပေါင်းတာ တစ်ပတ်ကျော်သာ ရှိသေးသလို လေ့ကျင့်ခန်း အစီအစဉ် အနည်းငယ်သာ ပြုလုပ်သေးရတဲ့အတွက် ရာသီသစ်စတင်ချိန်မှာ သူ့ရဲ့အကောင်းဆုံးပုံစံကို မြင်တွေ့ရမယ်လို့ နည်းပြအာတီတာက ပြောခဲ့တာပါ။ 

ဒါအပြင် အာတီတာက ဗီလာရီးရယ်လ်အသင်းနဲ့ပွဲက ရလဒ်ဟာ နာကျင်ဖို့ကောင်းပြီး သူတို့ဟာ နေရာစုံမှာ ကောင်းမွန်စွာ မလုပ်နိုင်တဲ့အတွက် ရှုံးနိမ့်ခဲ့ရတာလို့ ပြောခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် မစတင်မီ နောက်ဆုံးပွဲစဉ်အဖြစ် သြဂုတ် ၉ ရက်မှာ ဘီလ်ဘာအိုအသင်းနဲ့ အမ်းမရိတ်စ် ဖလားပွဲစဉ် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 

Source: Dailymail