CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆
အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို သင်ယူပြီး ဒီပြိုင်ပွဲမှာ အသင်းရဲ့ သမိုင်းကြောင်းကို ပြောင်းလဲဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ဟာ ပြီးခဲ့တဲ့ အရာတွေကနေ သင်ယူပြီး ပိုကောင်းအောင် ကြိုးစားမှာပါ။ ဒီပြိုင်ပွဲမှာ ကျနော်တို့ အောင်မြင်မှု မရသေးပေမယ့် ဒါက အခွင့်အရေးဖြစ်ပြီး ဒါကို ကျနော်မြင်ပါတယ်။ ဒီလိုဖိအားတွေက ကျနော်တို့ကို နေ့တိုင်း ပိုပြီးကောင်းမွန်လာဖို့ တွန်းအားပေးနေတဲ့ အရာပါ။ ချန်ပီယံလိဂ်ဖလားကို အနိုင်ရတဲ့ အသင်းကြီးတွေဟာ ၇ ကြိမ်၊ ၈ ကြိမ်၊ ၉ ကြိမ်လောက် ကြိုးစားပြီးမှ ၂ ကြိမ်လောက် အနိုင်ရတာပါ။ ကျနော်တို့ဟာ အသင်းရဲ့သမိုင်းကြောင်းကို ပြောင်းလဲချင်ပါတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ PSG အသင်းကို အရေးနိမ့်ကာ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူချင်တဲ့ သူတို့ရဲ့မျှော်လင့်ချက် အဆုံးသတ် ခဲ့ရပါတယ်။
အာဆင်နယ်အသင်း လေ့ကျင့်ခန်းဆင်းနေစဉ်
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၂၀၀၆ ခုနှစ်က ဗိုလ်လုပွဲ တက်နိုင် ခဲ့ပြီး ဘာစီလိုနာအသင်းကို အရေးနိမ့်ခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်၊ ယူနိုက်တက်၊ ချယ်လ်ဆီး၊ ဗီလာ၊ နော်တင်ဟမ်ဖောရက်စ်နဲ့ မန်စီးတီးအသင်းတို့ဟာ ချန်ပီယံလိဂ်ဖလား ရယူထားနိုင်ကြပါတယ်။
အဲဒါကြောင့် အာတီတာက ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို သူတို့ရယူပြီး အသင်းရဲ့ သမိုင်းကြောင်းကို ပြောင်းလဲမှုပြုလုပ်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
ဘီလ်ဘာအိုအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်၊ ဆာကာ၊ ဟာဗက်ဇ်၊ ဘင်ဝှိုက်နဲ့ ဂျီးဆပ်စ်တို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
အဓိက ကစားသမားတွေ ဒဏ်ရာရနေပေမယ့် နည်းပြအာတီတာက အာဆင်နယ်အသင်းမှာရှိနေတဲ့ လူစာရင်းနဲ့ ဒီပွဲအတွက် ယုံကြည်မှု အပြည့်ရှိနေတာပါ။
ဘီလ်ဘာအိုနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်ကို စက်တင်ဘာ ၁၆ ရက် စပိန်နိုင်ငံမှာ ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
Source: CNA