CNI International News
ဟောင်ကောင်၊ ဖေဖော်ဝါရီ ၃
တရုတ်၏ အပြုံးသံတမန် ပရိယာယ်ကို သတိထားရန်လိုအပ်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုကျော်က ရုရှားသမ္မတ ပူတင် (Vladimir Putin) ၏ အနီးကပ်အကြံပေး တစ်ဦးသည် ဂျပန်သို့ ရောက်ရှိလာချိန်က ဂျပန်မူဝါဒရေးဆွဲသူများကို ၎င်း၏ အကြံပြုချက်တစ်ရပ်အား ပြောပြခဲ့ဖူးသည်။
ထိုစကားမှာ “ကွန်မြူနစ်တွေအုပ်ချုပ်တဲ့ တရုတ်ဟာ တစ်ချိန်တုန်းက ဆိုဗီယက်ယူနီယံလိုမျိုးပါပဲ။ တရုတ်ရဲ့ သဘောထားတင်းမာတဲ့ နိုင်ငံခြားရေးမူဝါဒဟာ ရုတ်တရက်ပြောင်းလဲသွားနိုင်ပြီး ပြင်းထန်လာနိုင်ပါတယ်။ အဲဒါကြောင့် သတိရှိရှိနေပါ” ဆိုသည့် စကားဖြစ်သည်။
လက်ရှိတွင်လည်း တရုတ်၏ “အပြုံး သံတမန်ပရိယာယ်" (smile diplomacy) ဆိုသည့် ဝေါဟာရကို ကျွမ်းကျင်သူများက ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။
အပြုံးသံတမန်ပရိယာယ်ဆိုသည်မှာ အခြားနိုင်ငံများအပေါ် သြဇာအာဏာလွှမ်းမိုးမှုရစေရန် ခင်မင်ရင်းနှီးမှု၊ စီးပွားရေး အထောက်အကူနှင့် ပူးပေါင်းဆောင်ရွက်ရေး ကတိကဝတ်တို့ကို အသုံးပြုနေသည့် တရုတ်၏ ဗျူဟာကို ရည်ညွှန်းခြင်းဖြစ်သည်။
ဂျပန်၊ တရုတ်၊ အမေရိကန် ခေါင်းဆောင်များကို တွေ့ရစဉ်
ဥပမာအချို့ကို ပြရမည်ဆိုပါက ကြွေးမြီထောင်ချောက်ဆင်သည့် သံတမန်ပရိယာယ်ဖြစ်ပြီး တရုတ်သည် ဖွံ့ဖြိုးပြီး နိုင်ငံများကို အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် ငွေကြေးအများအပြား ထုတ်ချေးပေးပြီးနောက် ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသည့် နိုင်ငံများသည် တရုတ်အား ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခွင့်ပေးလိုက်ရ သော အခြေအနေဖြစ်သည်။
အထင်ရှားဆုံးနှင့် အနီးစပ်ဆုံး ဥပမာအနေဖြင့် သီရိလင်္ကာသည် တရုတ်ကို ကြွေးမြီများ ပြန်မဆပ်နိုင်သဖြင့် ၂၀၁၇ ခုနှစ်တွင် ၎င်း၏ ဟမ်ဘန်တိုတာ (Hambantota) ဆိပ်ကမ်းကို တရုတ်အား နှစ်ပေါင်း ၉၉ နှစ်ကြာ ငှားရမ်း အသုံးပြုခွင့် ပေးခဲ့ရသည်။
နောက်ထပ် တရုတ်၏ လက်နက်တစ်ခုမှာ စီးပွားရေးအရ မှီခိုရမှုကို အသုံးချခြင်းဖြစ်သည်။
ဥပမာအနေဖြင့် COVID-19 ကပ်ရောဂါ၏ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် သြစတြေးလျနိုင်ငံက တိုက်တွန်းခဲ့ချိန် တွင် တရုတ်သည် ဝိုင်နှင့် ဘာလီတို့ကဲ့သို့ သြစတြေးလျမှ တင်ပို့သည့် ကုန်စည်များအပေါ် ကုန်သွယ်ရေး ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။
ထို့ပြင် တရုတ်သည် မကြာသေးမီ နှစ်များအတွင်း တစ်ဟုန်ထိုး မြင့်တက်လာသည့် နည်းပညာများနှင့်အတူ AI များနှင့် လူမှုမီဒီယာများကဲ့သို့ ပလက်ဖောင်းများကို အသုံးပြုကာ သံတမန်ပရိယာယ်အား ချဲ့ထွင်လာကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia