CNI International News

ဘေကျင်း၊ မေလ ၂၄

တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် မေလ ၂၃ ရက်က လက်နက်ကြီးများ တပ်ဆင်ထားသည့် စစ်လေယာဉ်များ စေလွှတ်ပြီး တိုက်ခိုက်မှုများ ပြုလုပ်သည့်ပုံစံဖြင့် စစ်ရေးလေ့ကျင့်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်တွင် သမ္မတသစ် လိုင်ချင်တေ (Lai Ching-te) ၏ ကျမ်းသစ္စာကျိန်ဆိုမှုကို တရုတ်နိုင်ငံပိုင်မီဒီယာက ရှုတ်ချနေချိန်၌ ခွဲထွက်ရေး လှုပ်ရှားချက်များကို တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားနှင့် ထိုင်ဝမ်မှ ထိန်းချုပ်ထားသည့် ကျွန်းစုများအနီးတွင် ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှု များသည် တရုတ်က ခွဲထွက်ရေးဝါဒီအဖြစ် သတ်မှတ်ထားသော လိုင်သည် ထိုင်ဝမ်သမ္မတအဖြစ် စတင်ရုံးထိုင်ခဲ့ပြီး ၃ ရက်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်အဖြစ် ကြေညာထားသည့် တရုတ်က မေလ ၂၀ ရက်က ပြုလုပ်ခဲ့သော တရုတ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းကို ရှုတ်ချခဲ့သည်။ 

တရုတ်စစ်သင်္ဘောကို တွေ့ရစဉ်

လိုင်သည် ထိုမိန့်ခွန်းအတွင်း တရုတ်အား ခြိမ်းခြောက်မှုများ ရပ်တန့်ရန် တိုက်တွန်းခဲ့ပြီး ထိုမိန့်ခွန်းကို တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က ကျက်သရေမရှိကြောင်း ရှုတ်ချခဲ့သည်။

လိုင်သည် တရုတ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ထပ်တလဲလဲ ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ 

ထိုင်ဝမ် လူထုအနေဖြင့် ၎င်းတို့၏ အနာဂါတ်ကို ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့ပြီး တရုတ်၏ အချုပ်အခြာအာဏာပိုင်ကြောင်း ကြေညာချက်ကို ငြင်းပယ်ခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အရှေ့ပိုင်း စစ်နယ်ဝန်း ဌာနချုပ်က ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ထိုင်ဝမ်ကျွန်းအနီး ဝန်းကျင်၌ ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးကျည်တပ်ဖွဲ့များ ပါဝင်သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို စတင်ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တိုက်လေယာဉ်ကို တွေ့ရစဉ်

ထိုစစ်ရေး လေ့ကျင့်မှုများကို ထိုင်ဝမ်ရေလက်ကြား၊ ထိုင်ဝမ်ကျွန်း၏ မြောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက် နေရာများ၊ ထိုင်ဝမ်က ထိန်းချုပ်ထားသည့် ကင်မန် (Kinmen) ၊ မတ်ဆု (Matsu) ၊ ၀ူချူး (Wuqiu) နှင့် တောင်ယင်း (Dongyin) ကျွန်းစုများအနီးတွင် ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည်။

ထိုစစ်ရေး လေ့ကျင့်မှုများတွင် တရုတ်သည် ဒုံးကျည်အစစ်များ တပ်ဆင်ထားသော ဒါဇင်နှင့်ချီသည့် တိုက်လေယာဉ်များကို စေလွှတ်ခဲ့ကာ ရေတပ်သင်္ဘောများနှင့်အတူ သတ်မှတ်ထားသည့် ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

"Joint Sword - 2024A" ဟု အမည်ပေးထားသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို နှစ်ရက်ကြာ ပြုလုပ်ရန် စီစဉ်ထားကြောင်း တရုတ်က ပြောကြားခဲ့ပြီး ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမူ တရုတ်၏ စစ်ရေးလေ့ကျင့် မှုများကို ရှုတ်ချခဲ့သည်။

Source: ရိုက်တာ