CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂
နိုင်ငံတော်အကျပ်အတည်းနှင့် အစိုးရ၊ နိုင်ငံသားများ၊ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးလေ့လာသူများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့မှာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။
အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲကို ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ကမကထပြု လုပ်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးခဲ့ကြသူများမှာ ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့(TISS) အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးတို့ ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူလိုက်ပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည်။
ထိုသို့ နိုင်ငံရေးအကျပ်အတည်း ပေါ်ပေါက်နေချိန်မှာပဲ NLD ခေါင်းဆောင်တချို့နှင့် လွှတ်တော်အမတ်များ အပါအဝင် လက်နက်ကိုင်အဖွဲ့(EAOs)များ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ တက်ကြွလှုပ်ရှားသူများသည် မြန်မာ့တပ်မတော် ဖြုတ်ချရေး လက်နက်ကိုင်တိုက်ခိုက်လာကြသည်။
ထို့နောက် မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာပြီး အရပ်သား သေဆုံးမှုများရှိလာသလို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ သန်းချီရှိလာသည်။
အလားတူ နိုင်ငံရေးပါတီများလည်း စစ်ဘောင်ကျယ်ပြန့်နေခြင်းကြောင့် နိုင်ငံရေးဘောင်ကို ချဲ့ထွင်မရဘဲ အကျပ်အတည်းပေါင်းစုံဖြင့် ရင်ဆိုင်နေကြရသည်။