CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂

မြန်မာနိုင်ငံရှိ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အဆိုတစ်ခု တင်သွင်းမည်ဆိုလျှင် လွှတ်တော်တွင် မကြားနာရသေးခင် ပြင်ပ၌ လူသိရှင်ကြား ချပြဆွေးနွေးခွင့်မရှိကြောင်း ဥပဒေအရ တားမြစ်ထားသည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများက ပြောသည်။

မြန်မာနိုင်ငံ၏ လွှတ်တော် အဆိုတင်သွင်းမှုနှင့် ဥပဒေပြုရေး လုပ်ငန်းစဉ်များကို ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ/နည်းဥပဒေများဖြင့် စနစ်တကျ စီမံထားသည်။ 

ထို့အပြင် အဆိုနှင့်စပ်လျဥ်းသည့် ကန့်သတ်ချက်များနှင့် စည်းကမ်းချက်များတွင် နည်းဥပဒေ ပုဒ်မ ၆၂ (ဃ) တွင် နာယက,က ခွင့်မပြုရသေးမီ မည်သည့်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်း မပြုရဆိုသည့် အချက်ကို ပြဋ္ဌာန်းထား သည်။

လွှတ်တော်တွင် အဆိုတင်သွင်းပြီးမှသာ မီဒီယာများကို ပြောခွင့်ရှိသည်ဆိုသည့် ဥပဒေကို လွှတ်တော်၌ ပြဋ္ဌာန်း ထားကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အသေးစိတ်ကတော့ ပြောဖို့ခက်ပါတယ်၊ အဲဒီလိုပြောမိရင် သူ့မှာ ဥပဒေတစ်ခုရှိတယ်ဗျ။ မည်သည့်အဆို၊ မည်သည့် ဥစ္စာမဆို လွှတ်တော်တွင်းမှာ မကြားနာခင် ပြင်ပမှာ ပြောဆိုဆွေးနွေးရင် အဲဒီဆွေးနွေးချက်တွေကို လွှတ်တော်က လက်ခံလို့ မရဘူး။ ပထမအကြိမ် လွှတ်တော်မှာ အဲဒီလိုပဲ လွှတ်တော်ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ အဲဒါကြောင့် အဆိုတစ်ခုကို အင်တာဗျူး တစ်ခုမှာ ပြောမိတယ်၊ မီဒီယာမှာ ပါမိတယ်ဆိုရင် အဲဒီဥစ္စာကို ကျနော်တို့ လွှတ်တော်မှာ အဆိုတင်လို့ မရတော့ဘူး၊ ဆွေးနွေးလို့ မရတော့ဘူး၊ ဒါလွှတ်တော် ဥပဒေအရ ဥက္ကဋ္ဌက ပယ်ပိုင်ခွင့် ရှိတယ်။ လွှတ်တော်မှာ ပြောပြီးမှ ခင်ဗျားတို့ မီဒီယာတွေကို ပြောခွင့်ရှိတယ်ဆိုတဲ့ဥစ္စာ သူတို့ပြဋ္ဌာန်း ထားတာရှိပါ တယ်”ဟု ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို တွေ့ရစဉ်

လွှတ်တော်ကိုယ်စားလှယ်များသည် အဆိုလွှာတွင် လက်မှတ်ရေးထိုး၍ သက်ဆိုင်ရာ လွှတ်တော်ရုံး ညွှန်ကြား ရေးမှူးချုပ်ထံ ပေးပို့ကာ ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် တင်သွင်းရသည်။

လွှတ်တော်ထဲ၌ အဆိုတင်သွင်းရာတွင် သာမန်အဆို၊ အရေးကြီးအဆို၊ ဝမ်းနည်းကြောင်း အဆို၊ ဝမ်းသာကြောင်း အဆိုနှင့် စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ အဆိုဟူ၍ (၅) မျိုးရှိသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ မထားဘဲ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံ တော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကိုသာ ဦးထိပ်ထားပြီး အပြန်အလှန် လေးစားမှုနှင့် ဆွေးနွေးညှိနှိုင်းကြ ရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ပြောကြားထားသည်။

လွှတ်တော်တွင် အဆိုများ၊ မေးခွန်းများ မတင်ပြရသေးခင် သတင်းဌာနများကို ပေးခွင့်မရှိကြောင်း၊ ဥပဒေ ချိုး ဖောက်လျှင် အဆိုမေးခွန်းများအား ပယ်ခံရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါလွှတ်တော်ရဲ့ ဥပဒေပါဗျ။ လွှတ်တော်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်တယ်။ ဒီဥပဒေ ချိုးဖောက်လို့ မရဘူး လွှတ်တော်မှာ အဆိုတွေ၊ မေးခွန်းတွေ မတင်ပြရသေးခင်မှာ သတင်းဌာနတွေကို ပေးခွင့်မရှိပါဘူးဗျ။ အဲ ဒါဥပဒေပါဗျ။ ဥပဒေချိုးဖောက်ရင် အဲဒီမေးခွန်းတွေ အဲဒီအဆိုတွေက ပယ်ခံရမှာပါ။ သို့သော် ကျနော်ဖတ်ပြီးပြီ ကျနော် ပထမအကြိမ်ထဲကလည်း ဒါရှိတယ်။ ဒါတွေကို ဒီလွှတ်တော်ရဲ့ အရေးရာဘောင်တွေမှာ ဆွေးနွေးတဲ့ အချက်တွေ၊ နောက်တစ်ခါ လွှတ်တော်တွေ၊ မေးခွန်းတွေ၊ အဆိုတွေ မမေးခင်မှာ ကြိုတင်ပြီးတော့ သတင်းပေါက် ကြားစေနိုင်တဲ့ အရာတွေကို မလုပ်ရဘူးဆိုပြီးတော့ ဥပဒေပြဋ္ဌာန်း ထားပါတယ်ဗျ။ ကျနော်တို့ လွှတ်တော်ဆိုင်ရာ ဥပဒေတွေ ဒါရှိပါတယ်ဗျ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်မှာရော သုံးခုလုံး ရေးထားပါတယ်”ဟု ပြောသည်။

လွှတ်တော်၏ အဓိက အခန်းကဏ္ဍမှာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြု၍ ဥပဒေပြုခြင်း၊ အစိုးရ၏ လုပ်ဆောင်ချက် များကို ကြီးကြပ်စစ်ဆေးခြင်းနှင့် အမျိုးသားရေးရာများတွင် ဆုံးဖြတ်ချက် ချမှတ်ခြင်းဖြစ်ပြီး၊ ၎င်းသည် ဥပဒေပြု မဏ္ဍိုင်အဖြစ် တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီနည်းကျ တာဝန်ခံမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတို့ကို အာမခံနိုင်သည့် နိုင်ငံရေးစနစ်ကို တည်ဆောက်ခြင်း ဖြစ်သည်။

လွှတ်တော် ကျင်းပနေစဉ်

ထိုဥပဒေသည် လွှတ်တော် အစ ကာလလည်း ဖြစ်သောကြောင့်  ပိုပြီး ထိန်းထိန်းသိမ်းသိမ်းလေးနှင့် သေသေ ချာချာ စနစ်တကျ ဆွေးနွေးစေချင်သည့် ရည်ရွယ်ချက်ဟုထင်ကြောင်း နာဂအမျိုးသားပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်ကတော့ တိုင်းဒေသ လွှတ်တော်မှာဆိုတော့ ကျနော်တို့မှာတော့ အဲဒီလို ညွန့်ကြားချက်တွေတော့ မရှိဘူးဗျ။ ဟိုအကြောင်းအရာက ကျနော်တို့က သေချာမသိရတဲ့ အတွက်ကြောင့် ကျနော်တို့ အဲဒီအပေါ်မှာ မှတ်ချက်ပေးဖို့ကတော့ မလွယ်ဘူးထင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ဘယ်လို အကြောင်းတရားနဲ့ ထုတ်ပြန် ထားလဲဆိုတဲ့ အနေအထားတွေလည်း အမျိုးမျိုး ရှိနိုင်တယ်လေ။ သို့သော်ငြားလည်း ဒီလိုမျိုးက လွှတ်တော်ထဲမှာ အဆိုတင်သွင်းဖို့အတွက် ဒါလွှတ်တော်ဥက္ကဋ္ဌ သော်လည်းကောင်း၊ လွှတ်တော်သဘာပတိနဲ့ ဥက္ကဋ္ဌတွေက လက်ခံ အတည်ပြု ထားခြင်း မရှိသေးတဲ့ အချိန်မှာ တနည်းအားဖြင့် လွှတ်တော်ထဲမှာ မဆွေးနွေးရသေးတဲ့ အချိန်မှာ ဟိုအပြင်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုတာမျိုး၊ မီဒီယာတွေနဲ့ ပြောဆိုတာမျိုး ကိစ္စတွေ တကယ်လို့ လုပ်ခဲ့မယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ၊ အကျယ်အကျယ် ပြောရတဲ့ဟာတွေ ဖြစ်သွားရင် လူထုကြားမှာလည်း ဝေဝါးစရာ တွေ အဲဒီလိုမျိုးတွေ ဖြစ်တာမျိုးကို မလိုလားအပ်တဲ့ ရှုပ်ထွေးစရာတွေ ဖြစ်တဲ့ဟာမျိုးကို ရှောင်ကျဥ်ချင်တဲ့ သဘောလို့ ကျနော်ကတော့ အဲဒီလိုပဲ မြင်ပါတယ်။ ဒါကြောင့် အခုလည်း ဒီ တိုင်းပြည် လွှတ်တော်အစ ကာလ လည်း ဖြစ်တယ်ဆိုတော့ ပိုပြီးတော့ ထိန်းထိန်းသိမ်းသိမ်းလေးနဲ့ သေသေချာချာ စနစ်တကျလေး ဆွေးနွေးစေချင် တဲ့ ရည်ရွယ်ချက်လို့ပဲ ကျနော်တော့ ထင်ပါတယ်”ဟု ပြောသည်။

အဆိုများတွင် သာမန်၊ အရေးကြီး၊ ဝမ်းနည်း/ဝမ်းသာကြောင်းနှင့် စွပ်စွဲပြစ်တင်ချက်များဟူ၍ အမျိုးအစားခွဲခြား ထားပြီး ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းနိုင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေကြမ်းများကိုလည်း တင်သွင်း အတည်ပြုကြသည်။