CNI New
၂၀၂၅ ခုနှစ်၊ ဇူလိူင် ၁
မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီဆိုသည်မှာ နိုင်ငံ၏ အခြေအနေများနှင့်ကိုက်ညီသည့် ရိုးရာယဉ်ကျေးမှုများ အပေါ်မူတည်သော ဒီမိုကရေစီကို သွားမည်ဆိုခြင်းဖြစ်နိုင်သည်ဟု ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာမှာ မြန်မာနိုင်ငံနှင့် ကိုက်ညီသော အခြေအနေဖြစ်ရမည်ဖြစ်၍ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီကို ဖော်ဆောင်ရမည်ဟု ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှာ ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်မှာ ပြောကြားခဲ့သည်။
ဦးနေဝင်းခေတ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီး မြန်မာ့နည်းမြန်မာ့ဟန်နှင့် သွားခဲ့ကြောင်း၊ ယခုလည်း မြန်မာနိုင်ငံအတွင်းက ရိုးရာယဉ်ကျေးမှုများဖြင့် ကိုက်ညီသော ဒီမိုကရေစီကို လျှောက်လှမ်းရန် စဉ်းစားခြင်းဖြစ် နိုင်သည်ဟု ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။
ငြိမ်းချမ်းရေးဖိုရမ်မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောနေစဉ်
၎င်းက “မြန်မာ့နည်းမြန်မာ့ဟန်ဆိုတာ ဒီလမ်းစဉ်က ဆိုရှယ်လစ်လမ်းစဉ်ရှိမယ်၊ နောက်တစ်ခါ ဒီမိုကရေစီရှိမယ်၊ ဒါပေမယ့် ဆိုရှယ်လစ်မှာလည်း သူ့ ဒီမိုကရေစီရှိတယ်၊ နောက် ဒီဘက်က အရင်းရှင်စနစ်ဆိုတာရှိမယ်၊ နောက် တစ်ခါ ဒီကွန်မြူနစ်စနစ်ဆိုတာ ရှိမယ်ပေါ့။ ဒီဘက်က ဒီမိုကရေစီအစိုးရတွေမှာလည်း သူတို့ကတော့ ဒီမိုကရေစီ ကို အပြည့်အဝ သုံးတယ်။ ပြောကြတာပဲ သူ့နိုင်ငံ သူ့အခြေအနေတွေနဲ့ ကိုက်ညီတဲ့ ဆိုရှယ်လစ်လမ်းစဉ်ပေါ့နော်။ အဲဒီဟာတွေကတော့ အိမ်နီးချင်း တိုင်းပြည်တွေရဲ့ နမူနာယူတာပါ၊ အတုယူတာပါ။ သူ့နည်းသူ့ဟန်နဲ့ဆိုတော့ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေ၊ ကိုယ့်တိုင်းပြည်ရဲ့ ဘယ်လိုပြောမလဲ characteristics ကိုယ့်တိုင်းပြည်ရဲ့ အတွေး ခေါ် ယဉ်ကျေးမှုတွေနဲ့ ကိုက်ညီတဲ့ ဆိုရှယ်လစ်စနစ်ပေါ့ သူတို့က ဒီမိုကရေစီကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ သွားမယ်ဆို တာက တို့မြန်မာပြည်မှာ ethnic group တွေရှိတယ်၊ ဒါကတော့ ပြောတာပေါ့။ နောက် ကိုယ့်မြန်မာနိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှု အဲအပေါ်မှာ မူတည်ပြီးတော့ အဲဒီနည်းနဲ့ ဒီမိုကရေစီကို သွားမယ်ဆိုတဲ့ ဟာမျိုးပေါ့။ ပြီးတော့ အဲဒါ တရုတ်ပြည်ကလည်း အတုခိုးတာနေမှာပေါ့။ တရုတ်လည်း ကမ္ဘာ့အင်အားကြီးထဲမှာ သူကလည်း ပါလာ တယ်ဆိုတော့ အဲတာကို အတုခိုးတာလည်းဖြစ်မှာပေါ့။ အဲဒါကြောင့်မို့ ကိုယ်နည်းကိုယ်ဟန်နဲ့ ကိုယ်လုပ်မယ်ဆိုတဲ့ ဟာမျိုးပေါ့နော်။ Myanmar own Myanmar lead ပေါ့နော်။ အဲဒါလေးလည်း အခုတော်တော်လေး ပြောကြတယ်။ ကိုယ့်မြန်မာပြည်ရဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး သူများကူညီရင် ကူညီပေါ့။ အဲတော့ မြန်မာ့နည်း မြန်မာ့ ဟန် ဆိုတာဟာ မကောင်းတာတော့ မဟုတ်ဘူး ကောင်းပါတယ်”ဟု ပြောသည်။
မြန်မာ့နည်း မြန်မာဟန်ဆိုသည့် အသုံးအနှုန်းကို တချို့က နားခါးကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်း ဖြတ်သန်းပုံအရ ယခုလိုပဲ ကျော်ဖြတ်ရမည့် အနေအထားဖြစ်နေကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “သမိုင်းဆိုင်ရာ သင်ခန်းစာယူရမှာပေါ့။ မြန်မာတွေက ဘုရင်စနစ်နဲ့ အုပ်ချုပ်ခဲ့တယ် တိုင်းရင်းသား ပြည်သူတွေ အချို့ကလည်း သူ့ဘုရင်လေးတွေနဲ့သူပေါ့ဗျာ။ သမိုင်းအရ အဓိပ္ပာယ်ဖွင့်ဆိုမှု အမျိုးမျိုးရှိတာပေါ့။ ဒါ ဩဇာခံနိုင်ငံတွေက ဂရိတွေလို ကျင့်သုံးခဲ့ကျသလား သမိုင်းဆိုင်ရာအရပေါ့။ မြန်မာနိုင်ငံ ဘယ်လိုမွေးဖွားလာ သလဲ ဘယ်လို ဆက်လက်ပြီးတော့ ပေါင်းစု ဖြစ်ထွန်းတဲ့ နိုင်ငံတော်ကြီး ဖြစ်မှာလဲပေါ့။ မြန်မာသမိုင်းကို အဓိပ္ပာယ်ဖွင့်ကြရမှာပေါ့နော်။ လက်နက်ကိုင်ပဋိပက္ခ အဖွဲ့စည်းများရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက် အဲတော့ မြန်မာ့တပ်မတော်မှာ လူထုရဲ့ မျိုးချစ်ရည်မှန်းချက်ပေါ့ဗျာ။ လက်ရှိ ပဋိပက္ခ အကျပ်အတည်းကို ဘယ်လို ဖြေရှင်း ပြီးမှ ဘယ်လိုကျော်လွှားကြမှာလဲ မြန်မာ့နည်းမြန်မာ့ဟန် မပါလို့ဖြစ်ပါ့မလား။ ဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံတွေရဲ့ ပဋိပက္ခနဲ့ မြန်မာ့ပဋိပက္ခ ထပ်တူကျရဲ့လား။ ဒါတွေက အများကြီး ဆင်ခြင်ရမယ်လေ။ အဲတော့ ဘယ်လိုစနစ်နဲ့ မြန်မာနိုင်ငံကို ရှေ့ဆက်သွားဖို့ တည်ငြိမ်အေးချမ်းပြီးမှ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို ဖြစ်မှာလည်း အားလုံး ပါဝင်ဆွေးနွေးကြရမဲ့ အပိုင်းပါ မြန်မာ့နည်းမြန်မာ့ဟန်ကတော့ အဲဒီ အသုံးအနှုန်းကို တချို့က နားခါးကြမှာပေါ့ ဘာလို့ဆို ဦးနေဝင်း မြန်မာဆိုရှယ်လစ် လမ်းစဥ်ပါတီလည်းပဲ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လို့ သုံးနှုန်းခဲ့ကြတဲ့အခါ မအောင်မြင်တဲ့ အနေအထားဖြစ်တော့ မြန်မာ့နည်းမြန်မာ့ဟန်ကို ပျက်ရယ် ပြုကြမှာပေါ့၊ မြန်မာ့နည်းမြန်မာ့ဟန်ကတော့ မြန်မာပြဿနာ မြန်မာနိုင်ငံရဲ့ သမိုင်းဖြတ်သန်းပုံအရ ဒီလိုပဲ ကျော်ဖြတ်ရမဲ့ အနေအထားလို့ ကျနော်တို့လည်း ယူဆပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံကို ဦးနေဝင်း အုပ်ချုပ်ခဲ့သည့် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် စနစ်ကို ကျင့်သုံး၍ အုပ်ချုပ်ခဲ့သည်။
ထို့နောက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရပြီး ဦးသိန်းစိန် အစိုးရ တတ်လာသည့်အခါမှာတော့ အစိုးရ-လွှတ်တော်-တပ်မတော်တို့နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား ငြိမ်းချမ်းရေးဆွေးနွေးကြကာ မြန်မာနိုင်ငံ အား မည်သည့် စနစ်ဖြင့် သွားမလဲ အဖြေရှာနေသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။
လက်ရှိတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုသူနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အား တည်ဆောက်လိုသူဟု၍ အုပ်စုများကွဲပြားနေကြောင်း၊ သို့သော် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)မှာတော့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို ထူထောင် မည်ဟု သဘောတူထားကြသည်။