CNI News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆

ဒီမိုကရေစီစနစ်ကို မြန်မာ့နည်းမြန်မာ့ဟန်နှင့် မိမိတို့ မြန်မာများသာ ဦးဆောင်၍ ဖော်ဆောင်သွားကြရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅-၂၇ ရက်ထိ ကျင်းပနေသည့် ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၅ (Peace Forum 2025) အဖွင့်အမှာ စကားပြောကြားစဉ် ၎င်းက ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီမိုကရေစီ ဖော်ဆောင်ကျင့်သုံးရာမှာ ကမ္ဘာ့နိုင်ငံတချို့ရဲ့ ဖြစ်စဉ်တွေအပေါ် မှာ သင်ခန်းစာ ရယူပြီး ဖော်ဆောင် သွားကြဖို့လည်း လိုပါတယ်။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ကို နိုင်ငံများမှ ကျင့်သုံးရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပုံစံ တွေ တူညီမှုမရှိပါဘူး။ အနောက်ဥရောပနိုင်ငံတွေတောင်မှ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျင့်သုံးမှု ပုံစံမတူညီပါဘူး။ ဒါကို ကျနော်တို့ အာရှနိုင်ငံတွေမှာလည်း တူညီမှုမရှိပါဘူး။ ကျနော်တို့ အနေနဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာမှာ အခြား နိုင်ငံတွေကို ပုံတူကူးချသွားမှာ မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံရဲ့ သမိုင်းကြောင်း၊ လူနေမှုစနစ်၊ ယဉ်ကျေးမှု စရိုက် လက္ခဏာ ဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ကျနော်တို့ မြန်မာတွေပဲ ဦးဆောင်ပြီးတော့ ဖော်ဆောင်သွားကြရမှာပဲ ဖြစ်ပါတယ်။ ဒီလို ဖော်ဆောင်ရာမှာ နိုင်ငံတော်နဲ့ပြည် သူတွေရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး အားလုံး လုပ်ကိုင် ဆောင်ရွက်သွားကြမယ်ဆိုရင် ထိရောက်အောင်မြင်မှာလည်း ဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီစနစ်အား စတင်ကျင့်သုံးခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၀၁၁ ခုနှစ်မှာ စတင်တာဝန်ယူခဲ့သည့် ဒီမိုကရေစီ ပထမအစိုးရလက်ထက်တွင်လည်း ဒီမိုကရေစီစနစ် ကို ကျင့်သုံးရာမှာ စိန်ခေါ်မှုအများအပြားကို တွေ့ခဲ့ရကြောင်း၊ ထိုအတွေ့အကြုံများကို သင်ခန်းစာယူ၍ မိမိတို့ နိုင်ငံနှင့် ကိုက်ညီသော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရမည်ဟု ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီမိုကရေစီ စနစ်ကို ကျနော်တို့နိုင်ငံမှာ အခုမှ ကျင့်သုံးတာလည်း မဟုတ်ပါ ဘူး၊ လွတ်လပ်ရေး ရပြီးစ ပါလီမန်ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံး ဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ အဲဒီ အချိန်မှာလည်း အခက်အခဲ ပေါင်းများစွာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ၂၀၁၁ ခုနှစ်မှာ စတင် တာဝန်ယူခဲ့တဲ့ ဒီမိုကရေစီ ပထမအစိုးရလက်ထက်မှာလည်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ အခြားကဏ္ဍပေါင်းစုံကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင် နိုင်ခဲ့ပေမယ့်လို့ စိန်ခေါ်မှု အများအပြားနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါတွေကို သင်ခန်းစာ ရယူပြီး ကျနော်တို့ နိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောခြင်းပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ လက်နက်ကိုင်များကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှတဆင့် ဒီမိုကရေစီစနစ် ထွန်းကားရေး ကြိုးပမ်းနေသည်။

သို့သော် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု စသဖြင့် မည်သည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်မလဲဆိုသည့်အပေါ် သဘော ထားကွဲလွဲနေကြသည်။

ထို့ပြင် ဦးနေဝင်း လက်ထက်က မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးခဲ့သော်လည်း တစ်ပါတီစနစ် ဖြစ်သွားကာ လူထုအုံကြွမှုဖြစ်ပွားခဲ့ပြီးနောက် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်း၍ တပ်မတော်က အာဏာရယူခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ထို့နောက် ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က အဆင့်ဆင့် အုပ်ချုပ်လာခဲ့ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီးနောက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ပြည်ထောင်စုကြံ့ ခိုင်‌ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ(USDP)ကို ၂၀၁၁ ခုနှစ်မှာ အာဏာလွှဲပြောင်းပေးကာ ဦးသိန်းစိန် ဦးဆောင် သည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာခဲ့သည်။

ဦးသိန်းစိန် အစိုးရလက်ထက်ပြီးနောက် ၂၀၁၅ အထွေထွေ‌ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အနိုင်ရ၍ အစိုးရဖွဲ့စည်းကာ ၂၀၂၀ ပြည့်နှစ်ထိ အုပ်ချုပ်ခဲ့သည်။ 

သို့သော် ၂၀၂၀ အထွေထွေရွေးကောက် ပွဲ ကျင်းပခဲ့ရာမှာ NLD ပြန်လည် အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ရာ တပ်မတော်က စစ်ဆေးပေးရန် တောင်းဆိုခဲ့သည့်တိုင် အစိုးရဖွဲ့စည်း ရေး ကြိုးပမ်းခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာပြီး အာဏာရယူခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်နှင့် နစကကို ကန့်ကွက် ဆန္ဒပြခဲ့ကြသလို ဒီမိုကရေစီထူထောင်ရေး တောင်းဆို လာခဲ့ကြပြီး လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းဖြင့် မြန်မာ့တပ်မတော်နှင့် နစကအား ဖြုတ်ချရေး ကြိုးပမ်း လျက်ရှိနေကြသည်။

အဆိုပါ နိုင်ငံရေးအကျပ်အတည်းများ ကျော်လွှာနိုင်ရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးဟုဆိုကာ နစက,က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် အပိုင်းလိုက်ခွဲ၍ ရွေးကောက်ပွဲကျင်းပ မည်ဖြစ်ကြောင်း၊ ‌ရွေးကောက်ပွဲ အနိုင်ရရှိသည့် ပါတီကို အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။