CNI New
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲ၌ ပြည်သူလူထု အနေဖြင့် မဲပေးလျှင် ဒီမိုကရေစီပုံစံ ဖြစ်လာမည်ဖြစ်ပြီး မဲမပေးပါက ကိုယ်ပဲဆုံးရှုံးမည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်-ကျားဖြူပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ၌ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲပြီးသွားလျှင်အရပ်သားအစိုးရပေါ်ပေါက်လာခြင်း၊ဒီမိုကရေစီဖက်ဒရယ်ပုံစံလည်းဖြစ်လာပြီးမဲမပေးလျှင်ကိုယ်ဘဲဆုံးရှုံးမည်ဟု ကျားဖြူပါတီ(SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNIသတင်းဌာနကို ပြောသည်။
UEC က မဲပေးစက်အကြောင်း ပါတီတွေကို ရှင်းပြနေစဉ်
SNDP ပါတီမှဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက “ရွေးကောက်ပွဲ ပြီးသွားလို့ရှိရင် အရပ်သားအစိုးရ ပေါ်ပေါက်လာမှာပဲလေ။ (စစ်)အစိုးရ မဟုတ်တော့ဘူးလေ။ အဲဒီအချိန်ကျရင် လွှတ်တော်လည်း နှစ်ရပ်ပေါ်လာမယ် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ သုံးရပ်ပေါ်တာပေါ့။ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ်လွှတ်တော်ဆိုပြီးတော့ လွှတ်တော် သုံးရပ်လည်း ပေါ်လာမယ် အစိုးရကလည်း ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရဆိုပြီး ပေါ်လာမှာပဲလေ။ အဲဒီချိန်ကျရင် စစ်အစိုးရဆိုတာ မဟုတ်တော့ဘူးလေ စစ်တပ်က ဘာဝင်ကိုင်မလဲဆိုရင် ကာကွယ်ရေးဝန်ကြီးရယ်၊ နယ်စပ်ရေးရာဝန်ကြီးရယ်၊ ပြည်ထဲရေးရယ် ဒီ ၃ ခုပဲ ဗိုလ်ချုပ်ပဲကိုင်မှာ ကျန်တဲ့ အရပ် သားတွေ ဟိုဘက်မှာပဲလေ။ ပြည်သူလူထုကို မေတ္တာရပ်ခံချင်တာက ကိုယ်ကြိုက်နှစ်သက်တဲ့ ပါတီကို မဲပေးလိုက် ပါ။ ဒါမှသာလျှင် ဒီမိုကရေစီ ဖက်ဒရယ်ပုံစံလည်း ဖြစ်လာမှာပဲ။ အရပ်သားအစိုးရဆိုတာ ပေါ်လာမှာပဲ မဲမပေးရင် ကိုယ်ပဲဆုံးရှုံးမှာပေါ့။ လွတ်လွတ်လပ်လပ်မဲပေး မဲပေးဖို့ သင့်တော်တယ်လို့ပဲ တိုက်တွန်းချင်တယ်။ ရန်ကုန်တိုင်း မှာ သူတို့ ကုမ္ပဏီ တစ်ခုကပေါ့နော်။ လူ ၁၀၀၀ ကို မေးဆန်းကြည့်တဲ့အခါမှာ ၇၀၀ က မဲပေးမယ် ၇၀ ရာခိုင်နှုန်း က မဲပေးကြမှာဘဲ ဘာလို့ဆို လူတွေက အပြောင်းအလဲ လိုချင်ပြီလေ”ဟု ပြောသည်။
မြန်မာနိုင်ငံရှိ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး စသည့် မဏ္ဍိုင်ကြီး ၃ ရပ်ကို လူတစ်ဦးတည်းက ချုပ်ကိုင် ထားခြင်းကနေ ကဏ္ဍာသုံးရပ် ခွဲထုတ်နိုင်ရေးအတွက် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် လိုအပ်ကြောင်း နိုင်ငံရေး ပါတီများက ထောက်ပြကြသည်။
ထို့နောက် ပြည်သူလူထုသည် မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲမှာ မဲမပေးဘဲ No Vote လုပ်ကြမည်ကိုလည်း နိုင်ငံရေးပါတီများက စိတ်ပူနေကြသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လူထုကို အကဲဖြတ်သည့်အခါတွင် မဲပေးနိုင်သည့် အရွယ်လိုက် သုံးမျိုးသုံးစား ခွဲကြည့်ပါက တစ်ခုခုကို ပြောင်းလဲ လိုချင်သည်ဆိုသည့် အင်အားစုရှိနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ပြည်သူများ မဲထည့်ရန် လုပ်နေကြစဉ်
၎င်းက “လူထုကို အကဲဖြတ်တဲ့အခါမှာ လူထုမှာ အသက်အရွယ်ရှိပြီးသားနော်။ ဥပမာ လူငယ်ပိုင်းတွေရဲ့ ဆန္ဒက တစ်မျိုးရှိမယ်။ လူလတ်ပိုင်းက တစ်မျိုးရှိမယ်။ လူကြီးပိုင်းက တစ်မျိုးရှိမယ်နော်။ ဒါနေရာတိုင်းမှာ ဒါမျိုးကွဲပါ တယ်။ ရွေးကောက်ပွဲဆိုတာနဲ့ ကာလအရှည်ကြီး တစ်ခုကို ဖြတ်သန်းပြီးမှ ကျင်းပမှာလို့ ကြေညာတာကို မဲပေးနိုင် တဲ့ အရွယ်လိုက်ကို သုံးတန်းစားလောက် ခွဲကြည့်ရင် လူငယ်ပိုင်းတွေရဲ့ စိတ်နေ သဘောထားက တစ်မျိုး ရှိမှာပေါ့။ သူတို့မှာ အနာဂတ် ရည်မှန်းချက် ကြီးကြီးမားမား ရှိနိုင်တာပေါ့။ လူလတ်ပိုင်းကလည်း ခဏကပြောတဲ့ အကျပ် အတည်း အခက်အခဲကို ကျော်လွှားချင်မှာပေါ့။ လူကြီးပိုင်းတွေကတော့ ရှင်းမယ်ထင်တယ် လူကြီးပိုင်းတွေ တော်တော်များများ ရာနှုန်းကတော့ဖြင့် ဒီအခက်အခဲ အကျပ်အတည်းကို ဘယ်လိုဖြေရှင်းရင် ကောင်းမယ်ဆိုတာ ကို သူတို့ဘက်က တွေးပြီးသားဖြစ်နိုင်တယ်။ အဲတော့ နိုင်ငံရေးပါတီဆိုတဲ့ အထက်မှာ သူ့နိုင်ငံရေးပါတီ အလိုက် ကို စည်းရုံးထားကြတဲ့ အင်အားစုတွေရှိတယ်။ အဲတော့ ကျနော်တို့ အဲတာတွေကို အကြမ်းဖျင်း ခွဲရင် ၇၀/၃၀ လောက်ပေါ့ မှန်းတာ။ အဲတော့ ၇၀ သည် neutral သွားတာပေါ့။ ဖြူရင်ဖြူမယ်၊ မဲရင်မဲမယ်၊ ဝါရင်ဝါမယ်၊ အစိမ်း အနီ၊ အဝါ စသည်ဖြင့် အစွဲမရှိ အဲတော့ နိုင်ငံရေးပါတီတွေ ထက်မှာလည်းပဲ အင်းအားစုရှိမှာပေါ့၊ အင်အားစုကို တော့ ၃၀ ရာခိုင်နှုန်းလောက် မှန်းထားမှ နောက် စီးပွားရေး သမားတွေ စီးပွားရေးအားဖြင့် တစ်ခုခုကို ပြောင်းလဲ လိုချင်တယ်ဆိုတဲ့ အင်အားစုရှိမှာပေါ့။ ဆိုတော့ အဲဒီ အင်အားစု အားလုံးကို ထည့်တွက်ပြီးမှ ခင်များတို့ သုံးသပ်လို့ ရမယ်”ဟု ပြောသည်။
ရွေးကောက်ပွဲဆိုသည်မှာ မိမိရွေးချယ်သည့် အစိုးရကို မိမိပိုင်ဆိုင်ရမည်သာဖြစ်၍ မိမိ၏ ရွေးချယ်မှုက လူထုနှင့် နိုင်ငံ အကျိုးအတွက် အဂတိတရား ကင်းကင်း ဆောင်ရွက်ကြမည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာရေး သေသေချာ ချာ မဲပေးရွေးချယ်ရမည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။