CNI International News

ကိုလံဘို၊ ဇွန်လ ၂၄

သီရိလင်္ကာဝန်ကြီးချုပ်က နိုင်ငံ၏ စီးပွားရေး ပြိုလဲပြီဖြစ်ကြောင်း ကြေညာပြီး နောက်တစ်ရက် အကြာတွင် အိန္ဒိယအစိုးရ အဆင့်မြင့် အရာရှိများ ဇွန်လ ၂၃ ရက်၌ ကိုလံဘိုမြို့တော်သို့ ရောက်ရှိလာခဲ့ပြီး စီးပွားရေး အကူအညီပေးရန်အတွက် ဆွေးနွေးမှုများ စတင်ခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

သီရိလင်္ကာနိုင်ငံသားများသည် နိုင်ငံခြားငွေ ကျဆင်းလာခြင်းနှင့် ကြွေးမြီ မဆပ်နိုင်တော့ခြင်းတို့ကြောင့် စားသောက်ကုန်၊ လောင်စာဆီနှင့် အခြား မရှိမဖြစ် အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်မှုဒဏ်ကို ခါးစည်းခံနေရသည်မှာ လပေါင်းအတန်ကြာ ခဲ့ပြီ ဖြစ်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် အစိုးရစီးပွားရေး အကြံပေးပုဂ္ဂိုလ်တို့သည် သီရိလင်္ကာသမ္မတ ဂိုတာဘာ ယာရာဂျာပက်ဆာ နှင့် ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရီမီဆင်တို့ကို တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် အခြားသော သီရိလင်္ကာအဆင့်မြင့် အရာရှိများနှင့် ဆွေးနွေးညှိနှိုင်းကြရန် စီစဉ်ထားကြောင်း အေပီက ဆက်လက် ရေးသားထားသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် သီရိလင်္ကာတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ စီးပွားရေး ချိတ်ဆက်လုပ်ကိုင်ရေး အား ကောင်းစေ ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေး အမြန်ဆုံး နာလန်ထူနိုင်စေရန် အကူအညီပေးရန် အသင့်ရှိကြကြောင်း အိန္ဒိယ ပြည်ပ ရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘက်ချီ (Arindam Bagchi) က ပြောကြားခဲ့သည်။

သီရိလင်္ကာဝန်ကြီးချုပ်နဲ့ အိန္ဒိယအစိုးရ အဆင့်မြင့် အရာရှိများ (GETTY IMAGES)

ယခု အိန္ဒိယကိုယ်စားလှယ်များ၏ ခရီးစဉ်နှင့်ပတ်သက်၍ သီရိလင်္ကာဘက်မှ လတ်တလော သဘောထား မှတ်ချက်ပေးခြင်း မရှိသေးပေ။
ဇွန်လ ၂၂ ရက်က လွှတ်တော်သို့ ပြောကြားခဲ့သည့် ဝန်ကြီးချုပ် ဝစ်ကရီမီဆင်၏ မှတ်ချက်များသည် ကြာမြင့်စွာ ဆိုးရွားနေ သော တိုင်းပြည် စီးပွားရေး အခြေအနေအပေါ် ဝေဖန်များကို ချေပလိုပုံရသည်။

စီးပွားရေးပညာရှင်များနှင့် အခြား သီရိလင်္ကာနိုင်ငံသားများကတော့ အစိုးရအနေဖြင့် စီးပွားရေး ပြန်လည် နာလန်ထူစေဖို့ နည်းလမ်းများ ရှာဖွေတွေ့ရှိမည်ဟု အားခဲထားကြသည်။

“ဝန်ကြီးချုပ် လုပ်သင့်တဲ့ကိစ္စက ကြေညာချက် ထုတ်ဖို့ပါပဲ။ သူ့တာဝန်က အခုစီးပွားရေးစနစ်ကို ပြန်အသက်သွင်းနိုင်မယ့် အစီအစဉ် ရေးဆွဲရမှာပါ” ဟု သီရိလင်္ကာဗဟိုဘဏ်၏ ဒုတိယအုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်ပြီး စီးပွားရေးပညာရှင်ဖြစ်သူ ဒဗလျူအေဝီဂျီဝါဒီနာက ပြောကြားခဲ့သည်။

လက်ရှိ အခြေအနေတွင် သာမန် သီရိလင်္ကာနိုင်ငံသားများသည် စိတ်ပျက်အားငယ်နေကြပြီး အစားအသောက် ဝဝလင်လင် မရှိခြင်း၊ မလိုအပ်ဘဲ ပြင်ပသွားလာ၍ မရခြင်းနှင့် ၎င်းတို့၏ နေ့စဉ်ဘဝ ထိန်းချုပ်ခံရခြင်းထက် ကျော်လွန်သွားပြီ ဖြစ်သဖြင့် ဘဝအဓိပ္ပါယ် ပျောက်ဆုံးနေကြသည်။

Source: AP