CNI International News
အစ္စလာမ်မာဘက်၊ ဇွန်လ ၅
ပါကစ္စတန်က တာလီဘန်အဖွဲ့အုပ်ချုပ်သည့် အာဖဂန်နစ္စတန်နှင့် သံတမန်ဆက်ဆံရေးကို တိုးမြှင့်ရန်နှင့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်တစ်ဦး စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
“အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်မှာရှိတဲ့ ပါကစ္စတန် ယာယီတာဝန်ခံသံမှူးကို သံအမတ်အဆင့်အထိ တိုးမြှင့်မယ့် ပါကစ္စတန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကျနော် ဝမ်းမြောက်စွာ ကြေညာအပ်ပါတယ်”ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အစ်ဟက် ဒါး (Ishaq Dar) က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
တရုတ်က လက်ခံကျင်းပသည့် တရုတ်-ပါကစ္စတန်-အာဖဂန်နစ္စတန် သုံးပွင့်ဆိုင် အစည်းအဝေးတွင် ပါကစ္စတန် နှင့် အာဖဂန်နစ္စတန်ကို ဆက်ဆံရေးတိုးမြှင့်ရန် တရုတ်က တိုက်တွန်းခဲ့ပြီးနောက် ရက်ပိုင်းအကြာ၌ ပါကစ္စတန် ၏ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
တရုတ်ကလည်း အာဖဂန်နစ္စတန်သို့ သံအမတ်တစ်ဦး စေလွှတ်သွားမည်ဟု ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ တရုတ်တို့ကို တွေ့ရစဉ်
အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ်က တာလီဘန်တို့ အာဏာရလာခဲ့ပြီးနောက် ပါကစ္စတန်သည် ပထမဆုံး အကြိမ်အဖြစ် အာဖဂန်နှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဒါးသည် မကြာသေးမီက ဘေဂျင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi)၊ တာလီဘန်နိုင်ငံခြားရေးဝန်ကြီး မော်လဝီ အမီယာခန်း မွတ်တာကီ (Mawlawi Amir Khan Muttaqi) တို့နှင့် အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခင်က ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား သံတမန် ဆက်ဆံရေးသည် ယာယီတာဝန်ခံ သံမှူးအဆင့်သာ ထားရှိခဲ့ပြီး ထိုရာထူးသည် သံအမတ်ထက် နိမ့်သည့် ရာထူးနေရာဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့် လကလည်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အာဖဂန်နစ္စတန်သို့ သွားရောက်ခဲ့ပြီး ၂ နိုင်ငံ ဆက်ဆံရေးများကို တိုးမြှင့်ရန် ဆွေးနွေးခဲ့သည်။
လက်ရှိတွင် ပါကစ္စတန်သည် အာဖဂန်နစ္စတန်သို့ စေလွှတ်မည့် သံအမတ်၏ အမည်ကို ကြေညာခြင်း မရှိသေးဘဲ တာလီဘန်အဖွဲ့ကလည်း ပါကစ္စတန်သို့ သံအမတ်တစ်ဦး စေလွှတ်ရန် ရှိ/မရှိကို ကြေညာခြင်း မရှိသေးပေ။
Source: Nikkei Asia