CNI International News
တိုင်ပေ၊ ဇွန်လ ၅
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ရှိ တီအန်မင်ရင်ပြင်တွင် ၁၉၈၉ ခုနှစ်က ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများကို ဖြိုခွင်းခဲ့သည့် တရုတ်အစိုးရ၏ လုပ်ဆောင်ချက်ကို ကမ္ဘာက မည်သည့်အခါမျှ မေ့လျော့သွားလိမ့်မည် မဟုတ် ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တေး(Lai Ching-te) နှင့် အမေရိကန်သံတမန်တစ်ဦးက တီအန်မင်အရေးအခင်း ၃၆ နှစ်ပြည့် နှစ်ပတ်လည်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
၁၉၈၉ ခုနှစ်၊ ဇွန်လ ၄ ရက်က တီအန်မင်ရင်ပြင်နှင့် အနီးတစ်ဝိုက်တွင် တရုတ်စစ်သားများက ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများကို ပစ်ခတ်ခဲ့သည်။
ထိုအကြောင်းအရာကို တရုတ်နိုင်ငံတွင် ပြောဆိုဆွေးနွေးခွင့် ပိတ်ပင်ထားကာ နှစ်ပတ်လည် အခမ်းအနားများ ပြုလုပ်ခြင်းကိုလည်း တားမြစ်ထားသည်။
ထိုင်ဝမ်သမ္မတ လိုင်ချင်တေးကိုတွေ့ရစဉ်
ထိုင်ဝမ်နှင့် အခြားနိုင်ငံများကမူ တီအန်မင် အရေးအခင်း နှစ်ပတ်လည်နေ့များတွင် တရုတ်ကို ဝေဖန်ပြစ်တင် လေ့ရှိပြီး တရုတ်အနေဖြင့် ကိုယ်လုပ်သည့် အရာကို ဝန်ခံရန် တိုက်တွန်းခဲ့သည်။
ဇွန်လ ၄ ရက်တွင် လိုင်က တီအန်မင် အရေးအခင်းတွင် ပါဝင်ခဲ့သူများ၏ ရဲစွမ်းသတ္တိကို ချီးကျူးခဲ့ပြီး ထိုင်ဝမ်နှင့် အခြား ဒီမိုကရေစီနိုင်ငံများသည် လူ့အခွင့်အရေးကို အလေးထားကြောင်း Facebook တွင် ရေးသားခဲ့သည်။
“ဇွန် ၄ တီအန်မင် ဖြစ်ရပ်ကို အထိမ်းအမှတ် ပြုလုပ်တာဟာ သမိုင်းကို ဝမ်းနည်းပူဆွေးမှု အတွက်သာ မဟုတ်ဘဲ ဒီသမိုင်းကြောင်းကို ဆက်လက် တည်တံစေဖို့ ဖြစ်ပါတယ်”ဟု လိုင်က ပြောကြားခဲ့သည်။
အာဏာရှင်အစိုးရများသည် ရေငုံနှုတ်ပိတ်နေရန်နှင့် သမိုင်းကို မေ့ပျောက်စေရန် ရွေးချယ်လေ့ရှိပြီး ဒီမိုကရေစီ လူ့အဖွဲ့အစည်းများကမူ အမှန်တရားကို ထိန်းသိမ်း၍ လူ့အခွင့်အရေးအတွက် အသက်ပေးခဲ့သူများကို မေ့ပျောက် လိမ့်မည် မဟုတ်ကြောင်း လိုင်က ပြောကြားခဲ့သည်။
တီအန်မင်ရင်ပြင် လုံခြုံရေးစောင့်နေကြစဉ်
“ကျနော်တို့က သမိုင်းကို မေ့ပျောက်ပစ်ဖို့ ငြင်းဆိုရုံသာမကဘဲ နေ့စဉ်နေတိုင်း ကျနော်တို့ရဲ့ စံတန်ဖိုးတွေကို ပြသသွားမှာဖြစ်ပါတယ်” ဟု လိုင်က ပြောသည်။
ဇွန်လ ၃ ရက်ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က တီအန်မင် အရေးအခင်းတွင် သေဆုံးခဲ့သည့် တရုတ်လူမျိုးများ၏ ရဲစွမ်းသတ္တိကို ချီးကျူးခဲ့သည်။
“ဒီနေ့မှာတော့ ကျနော်တို့တွေဟာ သူတို့ရဲ့ အခြေခံ လွတ်လပ်ခွင့်တွေရရှိဖို့ ကြိုးစားရင်း သေဆုံးခဲ့တဲ့ တရုတ် လူမျိုးတွေရဲ့ ရဲစွမ်းသတ္တိကို အထိမ်းအမှတ် လုပ်ရပါလိမ့်မယ်။ ၁၉၈၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က ဖြစ်ရပ်တွေ အတွက် တရားမျှတမှုရစေဖို့နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရအောင် ကြိုးပမ်းရင်း တရားစီရင် ခံရသူတွေအတွက်လည်း အထိမ်းအမှတ် လုပ်ရပါမယ်”ဟု ရူဘီယိုက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) ကမူ ရူဘီယို၏ မှားယွင်းသည့် မှတ်ချက်စကားများသည် သမိုင်းကို ပုံဖျက် ပြောဆိုခြင်းဖြစ်ပြီး တရုတ်၏ ပြည်တွင်းရေးကို ဆိုးရွားစွာ ဝင်ရောက် စွက်ဖက်ခြင်းဖြစ်သည်ဟု ဇွန်လ ၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Source: ရိုက်တာ