CNI International News

ဟနွိုင်း၊ မတ်လ ၂၄

Samsung ကုမ္ပဏီ၏ ကြီးမားသည့် အီလက်ထရောနစ်ပစ္စည်များ ထုတ်လုပ်သော ဗဟိုချက်ဖြစ်သည့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၊ ဘက်နင်း (Bac Ninh) ပြည်နယ်သည် လက်ရှိတွင် ဗီယက်နမ်၏ စီးပွားရေး မောင်းနှင်အားများထဲ၌ အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လာခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ဘက်နင်းပြည်နယ်က ထုတ်လုပ်ခဲ့သည့် စမတ်ဖုန်းများသည် ကမ္ဘာတစ်ဝန်းသို့ ရောက်ရှိခဲ့သော်လည်း ထိုပြည်နယ်အကြောင်းကို ကမ္ဘာက ကြားဖူးခဲ့ခြင်းမရှိပေ။

လက်ရှိတွင် ပြည်တွင်း အနုပညာရှင်များက ထိုပြည်နယ်အကြောင်းကို ကမ္ဘာကသိစေရန် ၎င်းတို့ တတ်နိုင်သည့် ဘက်မှ မြှင့်တင်ပေးနေကြသည်။

ဗီယက်နမ်၏ နာမည်ကြီး YouTuber များကလည်း ဘက်နင်းပြည်နယ်၏ အလှတရားများနှင့် ယဉ်ကျေးမှုများကို YouTube ပေါ်တွင် ဗွီဒီယိုများတင်ပြီး မျှဝေလာခဲ့ကြသည်။

ထို့ကြောင့် ဗီယက်နမ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေသော ဘက်နင်းပြည်နယ်အကြောင်းကို နိုင်ငံတကာက သိရှိလာခဲ့ကြသည်။

ဗီယက်နမ်နိုင်ငံတွင်းက တစ်နေရာကိုတွေ့ရစဉ်

ပြီးခဲ့သည့်နှစ် ပထမ ၉ လတာ ကာလအတွင်း ဘက်နင်းပြည်နယ်၏ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် ဒေါ်လာ ၄ ဒသမ၂ ဘီလျံကျော်ရှိခဲ့သည်။

ထိုပြည်နယ်တွင် Samsung ၊ Canon နှင့် Foxconn တို့ကဲ့သို့ နိုင်ငံပေါင်းစုံ၌ ဖွင့်လှစ်ထားသည့် အဓိကစီးပွားရေး လုပ်ငန်းများ ဖွင့်လှစ်ထားသော စက်မှုဥယျာဉ် ၁၅ ခုအထိ ရှိသည်။

ထိုကုမ္ပဏီများသည် ဘက်နင်းပြည်နယ်တွင် ကုန်ထုတ်လုပ်ရေးလုပ်ငန်း အများအပြားကို ထူထောင်ခဲ့သဖြင့် ဒေသခံများအတွက်သာမက နိုင်ငံ့စီးပွားရေးကိုပါ အထောက်အကူ ဖြစ်စေခဲ့သည်။

၂၀၂၁ ခုနှစ်က COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ဘက်နင်းကုမ္ပဏီ၏ ဂျီဒီပီသည် ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၀၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

Source: Nikkei Asia