CNI International News

ဂျာကာတာ၊ မတ်လ ၂၂

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) သည် မကြာသေးမီ လများအတွင်း အင်ဒိုနီးရှား နိုင်ငံ၏ စီးပွားရေး စည်းမျဉ်းများကို ပြောင်းလဲခဲ့သဖြင့် စတော့ရှယ်ယာ စျေးကွက်များထဲတွင် ပူပင်သောကများ မြင့်တက်လာစေခဲ့ကာ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ရှည်သည်းခံမှုလည်း လျော့နည်းလာခဲ့ကြောင်း ဘန်ကောက်ပို့စ် မှ ဖော်ပြခဲ့သည်။

ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်သည့် ပရာဘိုဝိုသည် ၎င်း၏ ဘတ်ဂျက် အစီအစဉ်နှင့်အတူ ရင်းနှီးမြှုပ်နှံသူများကို စိုးရိမ်စေခဲ့သည်။

ထို့နောက် ဗဟိုဘဏ်၏ လွတ်လပ်စွာ ရပ်တည်မှုအား လျှော့ချရန် စီစဉ်ခဲ့ကာ Apple ကဲ့သို့သော ပြည်ပစီးပွားရေး လုပ်ငန်းများကို ဆန့်ကျင်သည့် မူဝါဒများကို ချမှတ်ရန် စီစဉ်လျက်ရှိသည်။

အင်ဒိုနီးရှား စတော့ရှယ်ယာ အညွန်းကိန်းကို တွေ့ရစဉ်

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း အရပ်ဘက်အုပ်ချုပ်ရေး ကဏ္ဍများတွင် စစ်တပ်၏ အခန်းကဏ္ဍကို ပိုမို ထည့်သွင်းသည့် ဥပဒေမူကြမ်းကြောင့် ဂျာကာတာ (Jakarta) မြို့တော်၏ လမ်းများပေါ်တွင် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် အစိုးရဘတ်ဂျက်ကို ၁၄ နှစ်ကြာ ကိုင်တွယ်ထိန်းသိမ်းခဲ့သည့် ဘဏ္ဍာရေးဝန်ကြီး သီရိ မူလ်ယာနီ အင်ဒရာဝတီ (Sri Mulyani Indrawati) သည် ရာထူးမှ နုတ်ထွက်ဖွယ် ရှိသည်ဆိုသည့် ကောလာဟလများ ပျံ့နှံ့လာမှုနှင့်အတူ ယခုသီတင်းပတ် အစောပိုင်းတွင် အခြေအနေများက ပိုမိုရှုပ်ထွေးလာခဲ့သည်။

မတ်လ ၁၈ ရက်တွင် စတော့ရှယ်ယာ ဈေးကွက်သည် သိသိသာသာ ကျဆင်းသွားခဲ့ပြီး သုံးနှစ်အတွင်း စံချိန်တင် ကျဆင်းမှုဖြစ်ခဲ့သဖြင့် အင်ဒရာဝတီ အပါအဝင် အစိုးရတာဝန်ရှိသူများက လူထုရှေ့မှောက် ထွက်ပေါ်လာခဲ့ပြီး ကောလာဟလများကို ငြင်းဆိုခဲ့ရသည်။

အင်ဒိုနီးရှား ဗဟိုဘဏ်ကလည်း ယခုနှစ်အတွင်း အာရှ၏ အဆိုးရွားဆုံး ငွေကြေးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသုံး ရူပီးငွေကြေးကို ကာကွယ်ပေးရန် ကြားဝင်ဆောင်ရွက်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုကို ဆန့်ကျင်နေကြစဉ်

“ကောလာဟလတွေအရ အစိုးရအဖွဲ့ထဲက ပြုပြင်ပြောင်းလဲရေး သမားတွေကို ဖယ်ရှားပစ်မှာကို လူတွေက စိုးရိမ် ထိတ်လန့်နေကြတာ ဖြစ်ပါတယ်”ဟု အရှေ့တောင်အာရှ စတော့ရှယ်ယာများကို ရင်းနှီးမြှုပ်နှံနေသည့် Valverde Investment Partners Pte ၏တည်ထောင်သူ ဂျွန် ဖူး (John Foo) က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားတွင် ပိုမိုနက်ရှိုင်းသည့် စီးပွားရေး ပြဿနာများကို မြင်တွေ့ခဲ့ရသည်ဟု ၎င်းက ပြောသည်။

အင်ဒိုနီးရှားသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ စည်းကြပ်ခွန် ခြိမ်းခြောက်မှုများနှင့် အင်ဒိုနီးရှား ကုန်ကြမ်းများကို တရုတ်၏ ဝယ်လိုအားများ လျော့ကျနေချိန်တွင် ပရာဘိုဝို၏ မူဝါဒများသည် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုခက်ခဲစေခဲ့သည်။

မတ်လ ၂၁ ရက်က Jakarta Composite စတော့ရှယ်ယာညွှန်းကိန်းသည် ၂ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်း သွားပြီး ထိုနှုန်းထားသည် အာရှတွင် စွမ်းဆောင်ရည် အဆိုးရွားဆုံး စတော့ရှယ်ယာ ဈေးကွက်များထဲ၌ ပါဝင်သွားခဲ့သည်။

Source: ဘန်ကောက်ပို့စ်