CNI International News

ဂျာကာတာ၊ ဇန်နဝါရီ ၉

အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီ ၇ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအကြို စကားစစ်ထိုးပွဲ၌ သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto)သည် ၎င်း၏ ကာကွယ် ရေး အစီအစဉ်များကြောင့် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများ၏ ဝေဖန်ထိုးနှက်ခြင်းကို ခံခဲ့ရသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အင်ဒိုနီးရှားအထူးတပ်ဖွဲ့၏ တပ်မှူးဟောင်းဖြစ်သည့် လက်ရှိ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပရာဘိုဝိုသည် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရန် ရေပန်းစားနေသော်လည်း ၎င်း၏ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းနှစ်ဦးကမူ ပရာဘိုဝို၏ စစ်ရေးမဟာဗျူဟာများကို အဆင်အခြင်မရှိဘဲ ဖြုန်းတီးမှု သက်သက်သာဖြစ်ကြောင်း ဝေဖန်ခဲ့ကြ သည်။

ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ လူထုသဘောဆန္ဒ စစ်တမ်းကောက်ယူမှုများ၌ ပရာဘိုဝိုသည် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများထက် အသာစီးရနေသော်လည်း စစ်တပ်ကို အဆင်မြှင့်တင် မွမ်းမံသည့် ၎င်း၏ လုပ်ဆောင်မှုကို ပြိုင်ဘက်များက ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။ 

ဂျာကာတာမြို့တော်ဝင်ဟောင်းဖြစ်သည့် အန်နီးစ်ဘက်စ်ဝီဒန်ကို တွေ့ရစဉ်

ဂျာကာတာမြို့တော်ဝင်ဟောင်းဖြစ်သည့် အန်နီးစ် ဘက်စ်ဝီဒန် (Anies Baswedan) ကမူ ကာတာနိုင်ငံမှ Mirage 200-5 တိုက်လေယာဉ်အုပ်စု အပါအဝင် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် အစီအစဉ်များကို ရှုတ်ချခဲ့ပြီး ၎င်း၏ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်နှစ်က ဟက်ကာများ၏ ဆိုက်ဘာတိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

"ကာကွယ်ရေးဝန်ကြီးဌာနက ဆိုက်ဘာတိုက်ခိုက်ခံရပါတယ်။ ရူပီး ၇၀၀ ထရီလျံ (ဒေါ်လာ ၄၅ ဒသမ ၁၃ ဘီလျံ) အသုံးစရိတ်ရထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အဲဒီဆိုက်ဘာ တိုက်ခိုက်မှုကို မကာကွယ်ခဲ့နိုင်ပါဘူး။ အဲဒီ ဆိုက်ဘာတိုက်ခိုက်မှုကို ကာကွယ်ရမယ့်အစား တစ်ပတ်ရစ် စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူခဲ့ပါတယ်" ဟု ဘက်စ်ဝီဒန်က ပြောကြားခဲ့သည်။

လက်ရှိ အင်ဒိုနီးရှား၏ အာဏာရပါတီဖြစ်သည့် PDI-P ၏ သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဂန်ဂျာ ပရာနိုဝိုကလည်း ဘတ်ဂျက်ပြဿနာကြောင့် နှောင့်နှေးကြန့်ကြာခဲ့သည့် ကာတာမှ တိုက်လေယာဉ်များ ဝယ်ယူ ရေး သဘောတူညီချက်သည် ဆင်ခြင်မှုကင်းမဲ့သည့် အစီအစဉ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ၏ စီးပွားရေး အင်အားအကြီးဆုံး အင်ဒိုနီးရှားနိုင်ငံသည် ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း ဒေသ တွင်း ကာကွယ်ရေး အသုံးစရိတ်သုံးစွဲမှုသည် ဂျီဒီပီ အချိုးနှင့်နှိုင်းယှဉ်ပါက အခြားနိုင်ငံများထက် နောက်ကောက် ကျ ကျန်ခဲ့သည်။

ပရာဘိုဝိုကမူ စစ်တပ်ကို အဆင့်မြှင့်တင်ရန် မရှိမဖြစ် စစ်လက်နက်ပစ္စည်းများ ဝယ်ယူသည့် မဟာဗျူဟာသည် သင့်တင့်မျှတမှုရှိကြောင်းနှင့် ၂၅ နှစ်မှ နှစ်ပေါင်း ၃၀ အတွင်း အသုံးပြုနိုင်သည့်် ၁၅ နှစ်ကြာ အသုံးပြုပြီးသော တိုက်လေယာဉ်များကို ဝယ်ယူမှုသည် သင့်တော်မှုရှိသည်ဟု ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်