CNI International News

ဂျာကာတာ၊ အောက်တိုဘာ ၂၂

အင်ဒိုနီးရှား သမ္မတသစ် ပရာဘိုဝို ဆူဘင်ယန်တို (Prabowo Subianto) က အောက်တိုဘာ ၂၁ ရက်တွင် အစိုးရအဖွဲ့သစ်ကို လူ ၁၀၀ ကျော်ဖြင့် တရားဝင်ဖွဲ့စည်းလိုက်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ပရာဘိုဝို၏ အစိုးရအဖွဲ့သစ်ထဲတွင် ဝန်ကြီးဌာန ၄၈ ခု၊ ဝန်ကြီးများနှင့် လက်ထောက်ဝန်ကြီး ၁၀၀ ကျော် ပါဝင်ပြီး ယခင်အစိုးရအဖွဲ့ထဲမှ ဘဏ္ဍာရေးဝန်ကြီး သီရိ မူယာနီ အင်ဒရာဝတီ (Sri Mulyani Indrawati) နှင့် စွမ်းအင် ဝန်ကြီး ဘာလီလာဟာဒါလီယာ (Bahlil Lahadalia) တို့ကို မူလရာထူးများအတိုင်း ပြန်လည်ခန့်အပ်ခဲ့သည်။

ထိုအစိုးရအဖွဲ့သည် ယခင်အစိုးရအဖွဲ့၏ မူဝါဒများကို ဆက်လက် ဆောင်ရွက်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

ပရာဘိုဝိုသည် အောက်တိုဘာ ၂၁ ရက်က အင်ဒိုနီးရှား၏ ၈ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်း ဖြစ်ပြီး ယခင်သမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo) ထံမှ အာဏာကို လွှဲပြောင်းရယူခဲ့သည်။

အင်ဒိုသမ္မတ ပရာဘိုဝို ကျမ်းကျိန်နေစဉ်

ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတွင် ပရာဘိုဝိုက အကျင့်ပျက်ခြားစားမှု တိုက်ဖျက်ရေး၊ အစားအစာနှင့် စွမ်းအင် ကဏ္ဍ၌ ပြည့်စုံလုံလောက်မှု ရှိစေရေးတို့ကို လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီး သီရိမူယာနီသည် လာမည့်ဘဏ္ဍာနှစ်အတွင်း ရူပီး ၇၁ ထရီလျံ  (ဒေါ်လာ ၄ ဒသမ ၆၀) ကုန်ကျ မည့် ကလေးပေါင်း သန်း၂၀ အတွက် အစားအစာ အခမဲ့ကျွေးမည့် အစီအစဉ် အပါအဝင် ပရာဘိုဝို၏ အဓိက စီမံချက်များကို ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပရာဘိုဝို၏ များပြားသည့် ငွေကြေးသုံးစွဲမှု အစီအစဉ်များသည် အရှေ့တောင်အာရှ၏ စီးပွားရေး အင်အားအကြီး ဆုံး အင်ဒိုနီးရှားနိုင်ငံတွင် ဘဏ္ဍာရေး အရင်းအမြစ်များကို တာဝန်ခံမှုဖြင့် စီမံခန့်ခွဲသည့် မှတ်တမ်းကောင်းကို လမ်းလွဲသွားစေမည့်အရေးအား ရင်းနှီးမြှပ်နှံသူများက စိုးရိမ်နေကြသည်။

အင်ဒိုနီးရှားအစိုးရအဖွဲ့သစ်ကိုတွေ့ရစဉ်

ဝီဒီုဒို လက်ထက်က အင်ဒိုနီးရှား၏ သတ္တုတွင်း တူးဖော်ရေးလုပ်ငန်းကို ဦးဆောင်ခဲ့သည့် ထိပ်သီးဝန်ကြီး တစ်ဦး ဖြစ်သူ လူဟတ် ပန်ဂျိုင်တန် (Luhut Pandjaitan) သည် သမ္မတကို အကြံပေးရသည့် အမျိုးသားစီးပွားရေး ကောင်စီ၏ အကြီးအကဲအဖြစ် ပြောင်းလဲခန့်အပ်ခံခဲ့ရသည်။

ပရာဘိုဝို၏ အစိုးရအဖွဲ့သည် ဝီဒိုဒို၏ အစိုးရအဖွဲ့နှင့် နှိုင်းယှဉ်ပါက ရှုထောင့်ကွဲပြားမှု အချို့ရှိနေပြီး ပရာဘိုဝိုသည် ယခင်ဝန်ကြီးဌာနများကို ဖျက်သိမ်းခြင်း၊ နာမည်ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့သည်။ 

အထူးသဖြင့် ပညာရေးနှင့် ယဉ်ကျေးမှု ၊သဘာဝပတ်ဝန်းကျင်နှင့် သစ်တော အစရှိသည့် ဝန်ကြီးဌာနများကို ပေါင်းစည်းမထားဘဲ ဝန်ကြီးဌာနတစ်ခုစီ ထားရှိခဲ့သည်။

ပရာဘိုဝိုသည် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်မီ အင်ဒိုနီးရှားသို့ ရောက်ရှိလာသည့် တရုတ်ဒုတိယ သမ္မတ ဟန်ကျန်း (Han Zheng) နှင့် အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု အင်ဒိုနီးရှားသမ္မတရုံးနှင့် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ