CNI International News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

အင်ဒိုနီးရှားနိုင်ငံတွင် ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ၌ တရားဝင်ကြေညာခြင်း မရှိသေးသော မဲရလဒ်များအရ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto)က မိမိ အနိုင်ရရှိကြောင်း ကြေညာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

နိုင်ငံရေး အတွေ့အကြုံ ရင့်ကျက်ပြီး အထူးတပ်ဖွဲ့၏ တပ်မှူးဟောင်းဖြစ်သည့် ပရာဘိုဝိုသည် နိုင်ငံတစ်ဝန်းရှိ မဲရုံများတွင် မဲရေတွက်မှုများအပေါ် အခြေခံပြီး ထောက်ခံမဲ စုစုပေါင်း ၅၈ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ရွေးကောက်ပွဲ မဲရလဒ်များ စစ်တမ်းကောက်ယူသည့် အဖွဲ့ ၄ ဖွဲ့က ဖော်ပြခဲ့သည်။

အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများကို တွေ့ရစဉ်

ဂရင်းနစ်စံတော်ချိန် အနေဖြင့် ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၃၃ မိနစ်အချိန်အထိ မဲရုံများတွင် မဲအရေ အတွက် ၇၈ ရာခိုင်နှုန်းမှ ၉၃ ရာခိုင်နှုန်းအကြား ရေတွက်ပြီးစီးခဲ့ပြီဖြစ်သည်။

သို့သော် ရွေးကောက်ပွဲ အနိုင်ရရှိကြောင်း ကြေညာထားသည့် ပရာဘိုဝိုကမူ အကောင်းဆုံး အင်ဒိုနီးရှားနိုင်ငံသား များ ပါဝင်သည့် အစိုးရအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ထောက်ခံသူများကို ကတိပြုပြောကြားခဲ့သည်။

ထို့နောက် ယခုအောင်ပွဲသည် ပြည်သူအားလုံး၏ အောင်ပွဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Source: ရိုက်တာ