CNI International News
ဂျာကာတာ၊ မတ်လ ၂၅
အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) အတွက် ဒေါ်လာ ၁ ဘီလျံ ထည့်ဝင်မည် မဟုတ်ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) က အတည်ပြုခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။
အင်ဒိုနီးရှား၏ အခန်းကဏ္ဍသည် ငြိမ်းချမ်းရေးထိန်းသိမ်းမှု အထောက်အပံ့ ပေးရန်အတွက်သာ ကန့်သတ်ထား ကြောင်းလည်း ၎င်းက အလေးပေး ပြောခဲ့သည်။
“အဖွဲ့ဝင် အမျိုးအစား နှစ်မျိုးရှိတယ်လို့ သူတို့က ပြောပါတယ်။ တကယ်လို့ အမြဲတမ်းအဖွဲ့ဝင် ဖြစ်ချင်တယ်ဆိုရင် ဒေါ်လာ ၁ ဘီလျံ ထည့်ဝင်ရမှာပါ။ ဒါပေမယ့် ကျနော်တို့ဘက်က ဒေါ်လာ ၁ ဘီလျံ ထည့်ဝင်မယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး” ဟု ပရာဘိုဝိုက သတင်းထောက်များနှင့် ပညာရှင်များအား ပြောကြားခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရ ဆက်သွယ်ရေးအေဂျင်စီ၏ မတ်လ ၂၂ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
သမ္မတ ပရာဘိုဝို၏ ပြောကြားချက်များကို ၎င်း၏ တရားဝင် YouTube Channel တွင် မတ်လ ၁၉ ရက်နှင့် မတ်လ ၂၂ ရက်၌ နှစ်ပိုင်းခွဲ၍ တင်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြနေတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကိုတွေ့ရစဉ်
ထိုသို့ ရှင်းလင်းတင်ပြရခြင်းမှာ အင်ဒိုနီးရှား၏ နိုင်ငံတော် ဘတ်ဂျက်အပေါ် ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သည့် စိုးရိမ်မှုများကို ပယ်ဖျက်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၃ ရက်နေ့က ဘဏ္ဍာရေးဝန်ကြီး ပူဘာယာ ယူဒီ ဆာဒီဝါ (Purbaya Yudhi Sadewa) ၏ ပြောကြား ချက်တွင် ငြိမ်းချမ်းရေးဘုတ်အဖွဲ့အတွက် အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဝင်ကြေးကို ကာကွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျက်မှတဆင့် ရယူသုံးစွဲနိုင်ကြောင်း အရိပ်အမြွက် ပြောဆိုခဲ့မှုကြောင့် ပြည်တွင်း၌ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ ခြင်း ဖြစ်သည်။
ထို့ကြောင့် ပရာဘိုဝိုက ၎င်း၏ နောက်ဆုံး ထုတ်ပြန်ချက်တွင် အင်ဒိုနီးရှား အနေဖြင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ ပေးပို့ရန် ကတိကဝတ် ပြုထားဆဲဖြစ်ကြသော်လည်း ငွေကြေး ထည့်ဝင်မည် မဟုတ်ကြောင်း ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
“အင်ဒိုနီးရှားဟာ ငွေကြေး ထည့်ဝင်မယ့် စာရင်းမှာ မပါဝင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်က ငွေကြေး ဘယ်လောက် ထည့်မယ်လို့ ကတိမပေးခဲ့လို့ပါ။ ဒါပေမယ့် ကျနော်တို့ဟာ လိုအပ်တဲ့ အရေအတွက်အတိုင်း ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးဖို့ အသင့်ရှိနေပါတယ်” ဟု ပရာဘိုဝိုက ပြောကြားခဲ့သည်။
ပရာဘိုဝိုသည် ပြီးခဲ့သည့်လက ဝါရှင်တန်တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ ပထမဆုံးအကြိမ် အစည်းအဝေးကို တက်ရောက်ခဲ့သည်။
Source: CAN
