CNI International News

အတ္တလန္တာ၊ အောက်တိုဘာ ၂၂

ဟားရစ်ကို လှောင်ပြောင်သည့်အနေဖြင့် ဒေါ်နယ်ထရမ့်က McDonald အမြန်ပြင် စားသောက်ဆိုင်သို့ သွားရောက် ၍ အားလူးချောင်းကြော်ကာ အလုပ်သမားပုံစံ သရုပ်ဖော်ပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အောက်တိုဘာ ၂၀ ရက်က သမ္မတဟောင်း ထရမ့်သည် McDonald အမြန်ပြင် စားသောက်ဆိုင်ကို သွားရောက်ခဲ့ ကာ ဒုတိယသမ္မတ ဟားရစ်မှာမူ ၎င်း၏ အသက် ၆၀ ပြည့် မွေးနေ့အဖြစ် ဘုရားကျောင်းနှစ်ကျောင်းကို သွားရောက်ခဲ့သည်။

ထရမ့်သည် McDonald ဆိုင်ထဲတွင် အကြော်ဆရာ တစ်ဦးကဲ့သို့ ရှေ့ဖုံးခါးစည်းကို ဝတ်ဆင်ကာ အာလူးချောင်း များကို ဆီပူထဲတွင်နှစ်ပြီး ကြော်ခဲ့သလို အားလူးချောင်းကြော်များကို ဆားဖြူးပြီး စက္ကူအိတ်ထဲထည့်ကာ ဆိုင် အပြင်ဘက်တွင်ရှိသည့် ၎င်းအား ထောက်ခံသူများကို ပေးဝေခဲ့သည်။

ထိုဆိုင်ကို ထရမ့် ရောက်ရှိချိန်အတွင်း အစားအစာ ရောင်းချမှုများကို ရပ်နားထားခဲ့ပြီး ထောင်နှင့်ချီသည့် ပြည်သူ များက စားသောက်ဆိုင် တစ်ဖက်လမ်းပေါ်တွင် တန်းစီ၍ စောင့်ကြည့်ခဲ့ကြသည်။

ဝယ်သူကို ဒေါ်နယ်ထရမ့်က အာလူးချောင်းကြော်ပေးနေစဉ်

ထရမ့်က သူသည် အမြန်ပြင် အစားအစာများကို ကြိုက်နှစ်သက်သူဖြစ်ကြောင်း၊ ယခုကဲ့သို့ အစားအစာများ ချက်ပြုတ်မှုကို အလွန်ပျော်ရွှင်ကြောင်းနှင့် ဟားရစ်သည် အမြန်ပြင် စားသောက်ဆိုင်တွင် အလုပ်လုပ်ခဲ့ဖူးသည်ဟု လိမ်ညာပြောဆိုခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟားရစ်က သူသည် ကယ်လီဖိုးနီးယား (California) ပြည်နယ်တွင် ကောလိပ်တက်ခဲ့ချိန်က အမြန်ပြင် စားသောက်ဆိုင်တွင် အလုပ်လုပ်ခဲ့ဖူးကြောင်း ပြောကြားခဲ့သော်လည်း ထရမ့်ကမူ ဟားရစ်သည် ထိုသို့ အလုပ်လုပ်ခဲ့ဖူးသည့် သက်သေမရှိကြောင်းနှင့် လိမ်ညာနေခြင်းဖြစ်ကြောင်း ဝေဖန်ထိုးနှက်ခဲ့သည်။

ဟားရစ်ကမူ ဘုရားကျောင်းများသို့ သွားရောက်ချိန်အတွင်း ထရမ့်ကို အမည်တပ် ပြောဆိုခဲ့ခြင်း မရှိသော်လည်း ဟားရစ်၏ ပြောရေးဆိုခွင့်ရှိသူ အီယန် ဆမ်စ်ကမူ ထရမ့်သည် McDonald ဆိုင်တွင် အစားအစာများ ချက်ပြုတ်မှု သည် စတန့်ထွင်ခြင်း တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

McDonald ဆိုင်အရှေ့မှာ ထရမ့်ထောက်ခံသူများကိုတွေ့ရစဉ်

အမေရိကန်တွင် သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန် သီတင်းနှစ်ပတ်ကျော်သာ လိုတော့ချိန်တွင် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာ ဟားရစ် (Kamala Harris) နှင့် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် ဖီလာဒဲလ်ဖီးယား (PHILADELPHIA) ပြည်နယ်၊ အတ္တလန္တာ  (ATLANTA) မြို့တွင် မဲဆွယ်စည်းရုံးမှုများ အပြိုင်အဆိုင် ပြုလုပ်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းနှစ်ဦးသည် ပြိုင်ဆိုင်မှု ပြင်းထန်သည့် ပြည်နယ်များတွင် မဲများကို ရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းနေပြီး ဟားရစ်သည် ဂျော်ဂျီယာ (Georgia) ပြည်နယ်ရှိ ကြိုတင်မဲပေးသူများကို ၎င်းအား မဲပေးရန် မေတ္တာရပ်ခံခဲ့သလို ထရမ့်ကလည်း ပန်ဆယ်ဗေးနီးယား (Pennsylvania) ပြည်နယ်တွင် မဲဆွယ်စည်းရုံး မှုများ ပြုလုပ်ခဲ့သည်။

ဟားရစ်သည် ဘုရားကျောင်းများသို့ သွားရောက်ချိန်အတွင်း ယခုလ အစောပိုင်းက ဖလော်ရီဒါတွင် လူသေဆုံးမှု များနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့် ဟာရီကိန်း ဟယ်လင်း (Hurricane Helene) ကို တုန့်ပြန်ဆောင်ရွက် ခဲ့ကြသူများ၏ သူရဲကောင်းပီသမှုကို အလေးထားပြောဆိုခဲ့သည်။

Source: ရိုက်တာ