CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၁၂

အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများဖြစ်သည့် ဒေါ်နယ်ထရမ့်နှင့် ကာမယ်လာဟားရစ် တို့၏ စကားစစ်ထိုးပွဲမှာ ဘာတွေပြောကြလဲဆိုသည်ကို CNN သတင်းဌာနက ကောက်နုတ်ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများဖြစ်သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဒုတိယသမ္မတ ကာမယ်လာဟားရစ် (Kamala Harris) တို့သည် စက်တင်ဘာ ၁၀ ရက်က ဖီလာဒဲဖီးယား (Philadelphia) ပြည်နယ်တွင် ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့သည်။

ABC သတင်းဌာနက စပွန်စာပေးခဲ့သည့် ၁ နာရီနှင့် ၄၅ မိနစ်ကြာမြင့်ခဲ့သော ထိုစကားစစ်ထိုးပွဲတွင် ဒီမိုကရက် တစ် ကိုယ်စားလှယ်လောင်း ဟားရစ်က ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ထရမ့်ကို မခံချိမခံသာ ဖြစ်စေ သည့် စကားလုံးများနှင့် ထိုးနှက်ခဲ့ပြီး ထရမ့်ကလည်း မကြာခဏဆိုသလို ဒေါသတကြီး တုန့်ပြန်ခဲ့သည်။

ဟားရစ်သည် ထိုစကားစစ်ထိုးပွဲအတွက် ဂရုတစိုက် ပြင်ဆင်လာခဲ့ခြင်းဖြစ်ပြီး မေးခွန်းအားလုံးနီးပါးကို ထရမ့် စိတ်တိုဒေါသထွက်စေမည့် မှတ်ချက်များဖြင့် ဖြေကြားခဲ့သည်။

ကာမယ်လာဟားရစ်ကို တွေ့ရစဉ်

ထရမ့်ကို ကမ္ဘာ့ခေါင်းဆောင်များက ဟာသအနေဖြင့် ရှုမြင်ထားကြောင်း၊ စစ်ဘက်ခေါင်းဆောင်များက ထရမ့်ကို ရှက်စရာတစ်ခုအဖြစ် ရှုမြင်ထားကြောင်း၊ ထရမ့်သည် အားနည်းပြီး မှားယွင်းနေသူဖြစ်ကြောင်း ဟားရစ်က ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် မဲဆန္ဒရှင် ၈၁ သန်းသည် ထရမ့်ကို သမ္မတရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း ဟားရစ်က ပြောကြား ခဲ့ပြီး ထိုမဲ ၈၁ သန်းသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက သမ္မတဂျိုးဘိုင်ဒန် ရရှိခဲ့သည့် မဲအရေအတွက်ကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဟားရစ်၏ ပြောကြားချက်များကြောင့် ထရမ့်သည် မကြာခဏဆိုသလို ဒေါသထွက်ခဲ့ပြီး  လေသံကျယ်ကျယ် လောင်လောင်ဖြင့် တုန့်ပြန်ပြောကြားခဲ့သည်။

ထို့နောက် ထရမ့်သည် ၂၀၂၀ ရွေးကောက်ပွဲအတွင်း လိမ်ညာမှုများရှိခဲ့ကြောင်း သက်သေ အထောက်အထား မပြနိုင်သည့် မှတ်ချက်စကားများကို ထပ်တလဲလဲ ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထို့ပြင် ဒီမိုကရက်များ၏ လစ်ဟင်းမှုကြောင့် အမေရိကန်သို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူများသည် အိမ်မွေးတိရစ္ဆာန်များကို စားသောက်နေကြောင်း၊ ဒီမိုကရက်များသည် ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံနေ ကြောင်း၊ ထိုသို့ ထောက်ခံနေခြင်းသည် လူသတ်မှုမြောက်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

အလားတူ ဟားရစ်နှင့် ထရမ့်တို့သည် ရုရှား-ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး မတူညီသည့် သဘောထားများကို ပြောဆိုခဲ့ကြသည်။

ထရမ့်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်စေရန် သဘောတူညီချက်တစ်ခုကို တွန်းအားပေး လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပြီး ဟားရစ်ကမူ ရုရှား၏ ကျူးကျော်မှုကို ပြန်လည်တိုက်ထုတ်နေသည့် ယူကရိန်းကို ကူညီထောက်ပံ့မှု များပေးရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

Source: CNN