CNI International News

လန်ဒန်၊ စက်တင်ဘာ ၁၂

ရုရှားသည် ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန် ပဲ့ထိန်းဒုံးကျည်များကို အီရန်နိုင်ငံထံမှ လက်ခံရရှိခဲ့ကြောင်း အမေရိကန်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့နောက် အမေရိကန်သည် ရုရှားထံ အီရန်လက်နက်များ ပေးပို့မှုတွင် ပါဝင်ပတ်သက်နေသည့် သင်္ဘောများနှင့် ကုမ္ပဏီများကိုလည်း ပိတ်ဆို့မှုအသစ်များ ပြုလုပ်ခဲ့သည်။

ရုရှားကို ပဲ့ထိန်းဒုံးကျည်များ ထောက်ပံ့ခြင်းသည် တင်းမာမှုကို ပိုမိုမြင့်တက်လာစေနိုင်ကြောင်း အမေရိကန်က အီရန်ကို သတိပေးခဲ့ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန် (London) မြို့တော်တွင် ပြုလုပ်သည့် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ် လမ်မီ (David Lammy) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ( Antony Blinken) တို့၏ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

"ရုရှားဟာ အခုဆိုရင် ပဲ့ထိန်းဒုံးကျည်တွေကို လက်ခံရရှိနေပြီး အဲဒီဒုံးကျည်တွေကို မကြာခင် သီတင်းပတ်အတွင်း ယူကရိန်းမှာ အသုံးပြုပါလိမ့်မယ်" ဟု ဘလင်ကင်က ပြောကြားခဲ့သည်။

ယခုရရှိထားသည့် ထိုထောက်လှမ်းရေး သတင်းအချက်အလက်ကို ကမ္ဘာတစ်ဝန်းရှိ အမေရိကန်၏ မဟာမိတ် နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများကို မျှဝေထားသည်ဟုလည်း ၎င်းက ပြောသည်။

အီရန် ခေါင်းဆောင်တွေနဲ့ ပဲ့ထိန်းဒုံးကျည်ကိုတွေ့ရစဉ်

အီရန်မှ ရုရှားသို့ လက်နက်များ ပေးပို့မှုတွင် ရုရှားအလံတင်သင်္ဘော ၉ စင်း ပါဝင်ခဲ့သည်။

ထိုသင်္ဘောများကို အမေရိကန်၏ ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် အီရန်နှင့် ရုရှားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ နှင့် Iran Air လေကြောင်းလိုင်းတို့ကိုလည်း ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အီရန်နိုင်ငံသည် ၎င်း၏ Fath-360 တာတိုပစ် ပဲ့ထိန်းဒုံးကျည်စနစ်ကို အသုံးပြုတတ်စေရန် ရုရှားစစ်မှုထမ်းများ အား လေ့ကျင့်သင်ကြားပေးခဲ့သည်ဟုလည်း ဘလင်ကင်က ပြောကြားခဲ့သည်။

အီရန်သည် ယခင်ကလည်း ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို Shahed ဒရုန်းများ ထောက်ပံ့ပေးခဲ့သော်လည်း ပဲ့ထိန်းဒုံးကျည်များ ထောက်ပံ့ပေးခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

Source: ရိုက်တာ