CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ၏ ထိန်းချုပ်ဒေသများတွင် မကြာခဏ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် ကြုံတွေ့နေရခြင်းကြောင့် ဒေသတွင်းနေ ပြည်သူလူထုများကြား စိုးရိမ်မှုများ မြင့်တက်နေကြသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့က မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ လေကြောင်းဖြင့် တိုက်ခိုက်ခံခဲ့ရသလို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် နမ့်ခမ်းဒေသနှင့် မိုးကုတ်၊ မိုးမိတ်ဒေသများ တွင်လည်း လေကြောင်းဖြင့် တိုက်ခိုက်ခံနေရသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် ဒေသခံအချို့မှာ လုံခြုံမှု မရှိဟုဆိုကာ အခြားဒေသသို့ ထပ်မံ တိမ်းရှောင်သွား ကြောင်း လားရှိုးဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စိုးတော့ စိုးရိမ်တယ်၊ ဒီလိုဖြစ်တဲ့အချိန်တော့ လူထုတွေလည်း သူတို့ ပြန်သွားကြတယ်၊ တချို့ကလည်း ပြန်လို့ရပြီဆိုတော့ ပြန်သွားကြတယ်၊ အဲဒီလိုမျိုး လက်နက်ကြီးတွေ ပြန်ကျတော့ တချို့ဆို ပြန်ရွှေ့တာ ရှိနေ တယ်နော်၊ ဆိုလိုတာက စိုးရိမ်တာက Targeted က ဘယ်ဟာမှန်း မသိဖြစ်နေတာ၊ တချို့ သိသလောက် တချို့ဆို ပြန်ထွက်တယ်။ သိပ်မှ ပြန်မရောက်သေးတာ၊ သိပ်ပြန်မရောက်သေးဘူး။ တချို့ဆိုလည်း လမ်းခရီးမှာ ပြန်သွား တာ ရှိတယ်။ အဲဒီလိုပြန်ဖြစ်တော့ တချို့ဆို ပြန်ထွက်သွားတာ ရှိတယ်၊ မလုံခြုံတော့လို့ ဖြစ်မယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ညီနောင်မဟာမိတ် ၃ ဖွဲ့(MNDAA-TNLA-AA)၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့အများအပြားကို မြန်မာ့တပ်မတော်က လက်လွတ် ဆုံးရှုံးခဲ့ရသည်။

 နစက၏ သတိပေးချက်ကို နိုင်ငံပိုင်မီဒီယာက ဖော်ပြထားစဉ်

ထို့နောက် MNDAA-TNLA-AA တို့သည် ၎င်းတို့ သိမ်းပိုက်ရရှိခဲ့သော မြို့များကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရား စီရင်ရေး စသည့် ယန္တရားများ လည်ပတ်နိုင်ရေး လုပ်ဆောင်လျက်ရှိနေသည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေဟု ဆိုသော်လည်း တစ်ဖက်အင်အားစုက လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နိုင်သည့်အတွက် စိုးရိမ်မှုများ ရှိနေကြောင်း စစ်တွေဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စိုးရိမ်မှုကတော့ အများကြီးပေါ့၊ ဘာလို့လဲဆိုတော့ လွတ်မြောက်နယ်မြေ၊ AA ထိန်းချုပ်နယ်မြေ၊ စစ်ကောင်စီ လွတ်မြောက်နယ်မြေ ဆိုပေမယ့်လည်း စစ်ကောင်စီက သူတို့ရဲ့ စစ်အင်အားနဲ့ လူအင်အားနဲ့ မဟုတ် တောင် လေတပ်အင်အားနဲ့ လာပြီးတော့ ဗုံးကြဲ၊ လက်နက်တွေ လာပြီးတော့ ပစ်ချသွားတယ်ဆိုတော့ ပြည်သူ လူထုမှာ စားရေးသောက်ရေး လုပ်ကိုင်ရှာဖွေ စားသောက်နေရတဲ့အချိန်မှာ လမ်းမှာလည်း ဖြစ်ချင်မယ်ပေါ့နော်၊ သူတို့ရဲ့ ခိုလှုံမယ့်နေရာ မရှိမဲ့ နေရာတွေမှာ ဖြစ်ချင်ဖြစ်မယ်၊ အဲဒီအချိန်မှာ လေယာဉ်သံ ကြားတယ်ဆိုလို့ရှိရင် သူတို့အဓိက လေယာဉ်သံကြားပြီဆိုတာနဲ့ပေါ့၊ ဘယ်နေရာကို ပြေးပြီးတော့ ပုန်းလိုက်ရမလဲဆိုတာကို အရင် လိုက်ရှာရတယ်။ ညပဲဖြစ်ဖြစ်၊ နေ့ပဲဖြစ်ဖြစ်ပေါ့နော်၊ ဘယ်အချိန်ပဲဖြစ်ဖြစ်၊ လေယာဉ်သံ မကြားရလို့ရှိရင် ကြောက်ရွံ့မှု မရှိဘူး။ လေယာဉ်သံ ကြားတယ်ဆိုတာနဲ့ပဲ ကိုယ့်အပေါ်နား လေယာဉ်ရောက်ပြီဆိုတာနဲ့ ဘယ်နား ပစ်ချမလဲ စိုးရိမ်မှုကတော့ အချိန်ပြည့်လိုလိုပေါ့နော်” ဟု ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၇ နာရီဝန်းကျင်မှာ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ AA တပ်ဖွဲ့၏ ဆေးကုသဆောင် နေရာတစ်ခု လေကြောင်း တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့သည်။

ထိုဖြစ်စဉ် မတိုင်မီကလည်း TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ စက်တင်ဘာ ၆ ရက်နေ့က လေကြောင်း တိုက်ခိုက်ခံခဲ့ရပြီးနောက် သေဆုံးထိခိုက် ဒဏ်ရာရရှိသူများ ရှိခဲ့သည်။

ပြည်သူလူထု နေအိမ် အဆောက်အဦများ ပျက်စီးသွားစဉ်

နမ့်ခမ်းမြို့ လေကြောင်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း လေယာဉ်သံကြားပါက အထိတ်တလန့် ဖြစ်နေကြောင်း နမ့်ခမ်းဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အေးပေါ့ဗျာ၊ စိုးရိမ်စိတ်ကတော့ အမျိုးမျိုးပေါ့၊ ညညဆိုလည်း အိပ်မရ၊ တစ်ခါတစ်လေကြတော့ အပြည် ပြည်ဆိုင်ရာ လေယာဉ်ဖြတ်ရင်တောင်မှ စိုးရိမ်စိတ်တွေနဲ့ အိပ်နေရတာတွေလည်း ရှိတာပေါ့၊ လေယာဉ်က ဗုံးကြဲ ပြီးတဲ့ နောက်ပိုင်းမှာ အသံတစ်ခုခု ကြားတာနဲ့ လူတွေက အထိတ်တလန့်ဖြစ်နေတာ” ဟု ပြောသည်။

ထိုကဲ့သို့ နယ်မြေမလုံခြုံမှု၊ အသက်အန္တရာယ်များ စိုးရိမ်ရမှု ရှိနေသည့်အတွက် ထိုဒေသအတွင်းရှိ ဒေသခံ လူထုများမှာ နေပြည်တော်၊ ရန်ကုန်နှင့် အခြားဒေသများသို့ ပြောင်းရွှေ့နေထိုင်မှုများ ရှိလာကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့များသည် အဓမ္မဝင်ရောက် နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင် မှုများကို ကာကွယ်ရန် အတွက် ပြည်သူတို့၏ နေအိမ် အဆောက်အဦများ၊ အရပ်ဘက် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီ နေရပ်စွန့်ခွာ နေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်းတို့ လုပ်ဆောင်နေကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်တွေကို လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက် နေထိုင်လျက် ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှု ရှိစေရေးတို့ အတွက် သတိပြုကြရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့က ပြောကြားခဲ့သည်။

 အဆိုပါ ပြောကြားချက်ကို နိုင်ငံတော်ပိုင် မီဒီယာများတွင် နေ့စဉ် ဖော်ပြ၍ သတိပေးလျက်ရှိနေသည်ကို တွေ့ရ သည်။