CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄

လက်နက်ကိုင်များ အဓမ္မဝင်ရောက် နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများ အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် သတိပြုဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံစဉ် နစကဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် နိုင်ငံတော်တွင် နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်နေမှု ကို အခွင့်ကောင်းရယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ကြုံတွေ့လာခဲ့ရပြီး ၎င်းတို့၏ အကြမ်း ဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများအနေဖြင့် နေရပ်ဒေသများနှင့် နေအိမ် စည်းစိမ်များကို စွန့်ခွာပြီး အခြားဘေးလွတ်ရာဒေသများတွင် ယာယီသွားရောက်ခိုလှုံနေကြရသည်ဟု ၎င်းက ပြောသည်။

MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်

နစကဥက္ကဋ္ဌက “ လက်နက်ကိုင်များ အနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက် နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော် ၏ တုန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုတို့ကို လူသားတံတိုင်းအဖြစ် အသုံးပြု နိုင်ရေး ယာယီနေရပ်စွန့်ခွာ နေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မ လူသစ် စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိမှု၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို မဖြစ် မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်များ၏ သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ် ပေါ် မူတည်၍ လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မ ဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှု မခံရစေရေးနှင့် ဘေး ကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်တယ်”ဟု ပြောသည်။

နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုများ အမြန်ဆုံးပြန်လည် ရရှိရေးအတွက် စည်းလုံးသော အင်အားဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရိ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ရွေးကောက်ပွဲမဲစာရင်း အငြင်းပွားမှု မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ အာဏာ ရယူခဲ့သည်။

ထို့နောက် NLD ပါတီခေါင်းဆောင်များနှင့် လွှတ်တော်အမတ်များက ဦးဆောင်၍ အမျိုးသားညီညွတ်ရေးအစိုးရ( NUG)နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်းကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KIA၊ AA၊ TNLA၊ MNDAA၊ KNU၊ KNPP၊ CNF တို့နှင့်လက်တွဲကာ မြန်မာ့တပ်မတော် ဖြုတ်ချရေး ဖော်ဆောင် လျက်ရှိသည်။

လက်ရှိတွင် နိုင်ငံအနှံ့အပြားမှာ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသူ ၁ သန်းကျော်ရှိသလို လူနေအိမ်၊ အဆောက် အအုံ၊ အစိုးရပိုင် ရုံးနှင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးလျက်ရှိသည်။