CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း မှုရှိရန် လိုအပ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က ကျရောက်သည့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့ သည့် သဝဏ်လွှာတွင် ၎င်းက ပြောကြားထားခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မဲဆန္ဒရှင်ပြည်သူ များအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ အုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှုစသည့် မတရားမှု များမှ ကင်းဝေးစေပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ တိကျမှန်ကန်သည့် ရွေးကောက်ပွဲဖြစ်စေရန် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် နိုင်ငံ တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ပါသည်”ဟု ပြောသည်။
ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှသာ လွတ်လပ်၍ တရားမျှတမှု အပြည့်ရှိသည့် ရွေးကောက်ပွဲ များ ကျင်းပနိုင်မည်ဟု ၎င်းက ပြောသည်။
MNDAA က ရမခတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထားစဉ်
လက်ရှိ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊
ကရင်ပြည် နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့်လက်နက်ကိုင် အင်အားစုများ ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အပါအဝင် စစ်စခန်းပေါင်း ရာချီနှင့် မြို့နယ် ၉၀ ကျော် လက်လွတ်ဆုံးရှုံးထားရသည်။
ထို့နောက် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိနေပြီး နေအိမ် အပါအဝင် အဆောက်အအုံပေါင်း သောင်းနှင့်ချီ မီးရှို့ဖျက်ဆီးခံထားရသည်။
ထို့ကြောင့် မြန်မာ့တပ်မတော်သည် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ရရှိအောင် မည်ကဲ့သို့ လုပ်ဆောင်မလဲ ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက မေးခွန်းထုတ်လျက်ရှိသည်။
နိုင်ငံရေးသမားတစ်ဦးက “ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိဖို့ လိုတယ်လို့ ပြော တော့ တည်ငြိမ်အေးချမ်းမှုမရှိမချင်း မလုပ်သေးဘူးလို့ ပြောချင်တာလား။ တည်ငြိမ်အေးချမ်းမှုမရှိလို့ တစ်နိုင်ငံလုံး ရွေးကောက်ပွဲ မကျင်းပဘဲနဲ့ ဒေသအလိုက် ခွဲပြီးတော့ဘဲ လုပ်မယ်လို့ ပြောချင်တာလား။ ဒါမှမဟုတ် သူတကယ် ရွေးကောက်ပွဲ ကျင်းပလိုစိတ် မရှိသေးလို့ ရွေးကောက်ပွဲ ကျင်းပဖို့အခက်အခဲ ဖြစ်နေရတဲ့ အကြောင်းအရာတွေကို စကားဦးသန်ပြီး ချပြနေတာလား စဥ်းစားစရာတွေဖြစ်လာတယ်”ဟု ပြောသည်။
နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ကြေညာခဲ့သော်လည်း နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်လာခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပုဒ်မ ၄၂၅ အရ သာမန်မဟုတ်သော ကာလဟုဆိုကာ အရေးပေါ်ကာလကို ၆ လ သက်တမ်းတိုးခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပပေးမည်ဖြစ်ကြောင်း ထပ်မံ ကတိပြုလာသည့်တိုင် ကျင်းပမည့် နေ့ရက်အတိအကျကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
နစကနှင့် နီးစပ်သူများကတော့ ၂၀၂၅ ခုနှစ်၊ မေလလောက်တွင် အရေးပေါ်ကာလ သက်တမ်းတိုးမှုကို အဆုံးသတ် ပြီး ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို ကြေညာနိုင်ကြောင်း၊ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၏ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ကျင်းပနိုင်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် အာဏာလွှဲပြောင်းမှု လုပ်လာနိုင် ကြောင်း ပြောသည်။