CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဖေဖော်ဝါရီ ၁၉ ရက်တွင် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) ကို အာဏာရှင်ဟု ခေါ်ဆိုပြီး ဝေဖန်ရှုတ်ချခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဇာလန်းစကီးအနေဖြင့် ငြိမ်းချမ်းရေးရရှိရန် လျင်လျင်မြန်မြန် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ယူကရိန်းနိုင်ငံကို ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သဖြင့် ၎င်းတို့ ၂ ဦးအကြား ပုဂ္ဂိုလ်ရေးအရ သဘော ထားကွဲလွဲမှုကို ထင်ရှားပေါ်လွင်စေခဲ့သည်။
ဇာလန်းစကီးကို အာဏာရှင်ဟု ခေါ်ဆို၍ ရှုတ်ချခဲ့ခြင်းကြောင့် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းနေ သည့် ထရမ့်၏ ချဉ်းကပ်ဆောင်ရွက်ပုံကို ဥရောပမဟာမိတ်များက စိုးရိမ်နေကြသည်။
ထရမ့်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး တစ်လမပြည့်မီ အချိန်မှာပင် ယူကရိန်း စစ်ပွဲအပေါ်ထားရှိသည့် အမေရိကန်၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး ရုရှားကို ဖယ်ကြဉ်ထားမှုအား အဆုံးသတ်ခဲ့ကာ ပူတင်နှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့သည်။
ထို့နောက် အမေရိကန်နှင့် ရုရှား ထိပ်သီးအရာရှိများကလည်း ယူကရိန်းမပါဘဲ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
“ရွေးကောက်ပွဲတွေ မလုပ်တဲ့ အာဏာရှင် ဇာလန်းစကီး အနေနဲ့ မြန်မြန်ဆန်ဆန် လုပ်ရင် ပိုကောင်းမှာပါ။ မဟုတ် ရင်တော့ သူ့နိုင်ငံကို ဆုံးရှုံးရနိုင်ပါတယ်” ဟု ထရမ့်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ရုရှားနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေ ယူကရိန်းအရေး ဆွေးနွေးကြစဉ်
ထရမ့်၏ ပြောကြားချက်ကို တုန့်ပြန်သည့် အနေဖြင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ စီဘီဟာ (Andrii Sybiha) က ၎င်း၏နိုင်ငံကို မည်သူကမျှ အင်အားသုံးပြီး အလျှော့ပေးခိုင်း နိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။
“ကျနော်တို့ရဲ့ တည်ရှိပိုင်ခွင့်ကို ကျနော်တို့ ကာကွယ်သွားမှာပါ” ဟု စီဘီဟာက X လူမှုမီဒီယာတွင် ရေးသားခဲ့ သည်။
ထရမ့်သည် ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းတွင် မိုင်ယာမီ (Miami)၌ ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံချိန်တွင်လည်း ဇာလန်းစကီးကို အာဏာရှင်ဟု ထပ်မံ သုံးနှုန်းပြောဆိုခဲ့သည်။
ဇာလန်းစကီးသည် ငွေကို အချောင်ရစေရန်အတွက် စစ်ပွဲကို ဆွဲဆန့်ထားရန် ဆန္ဒရှိနေကြောင်း ထရမ့်က ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီများကို ရည်ညွှန်းပြောဆိုခဲ့သည်။
ဇာလန်းစကီး၏ ၅ နှစ်သက်တမ်းသည် ၂၀၂၄ ခုနှစ်တွင် အဆုံးသတ်ခဲ့ပြီဖြစ်သော်လည်း စစ်ပွဲဖြစ်ပွားနေသဖြင့် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားရကာ ရွေးကောက်ပွဲများကို မကျင်းပ နိုင်ခဲ့ခြင်းဖြစ်သည်။
Source: ရိုက်တာ